Skip to main content

တညီတညွတ် ရှေ့သို့လှမ်းချီ

မျက်မှောက်ကမ္ဘာတွင် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိသည့်အနက် လေးပုံ သုံးပုံခန့်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDCs) များ အပါအဝင်ဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံ များဖြစ်သည်။ ကျန်သည့် လေးပုံတစ်ပုံမျှသော နိုင်ငံများသည်သာ စက်မှုနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံတို့ဖြစ်ကြသည်။ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ဆိုသည်မှာ အောက်မှအထက်သို့သွားသည့် ဖြစ်စဉ် (Bottom-up) ဟုဆိုရမည်ထက် အထက်မှ အောက်သို့သွားသည့်ဖြစ်စဉ် (Top- down) ဖြစ်စဉ်သဘောကို ပိုမို၍ ဆောင်ယူကြောင်း၊ သို့ဖြစ်ရာ နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ထိရောက်ထက်မြက်သော ခေါင်းဆောင်မှုရရှိရန် လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်ပြင်းပြသော ခေါင်းဆောင်ဖြစ်သူက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို မိမိတို့အဓိကလုပ်ဆောင်ရမည့် နိုင်ငံရေးလုပ်ငန်းစဉ်၏ ဗဟိုအချက် အချာအဖြစ် သတ်မှတ်ကာ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စိုက်ပျိုးမွေးမြူ စက်မှုကုန်ထုတ်လုပ်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၏ ကဏ္ဍအလိုက် ပါဝင်မှုများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ၂၀ ရာစုကာလ အနောက်နိုင်ငံများက ကမ္ဘာ့စီးပွားရေးဖြစ်စဉ်ကြီးတွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအဖြစ် နေရာယူထားစဉ် အာရှနိုင်ငံများထဲမှ ပထမဆုံး ထိုးထွက်လာခဲ့သည့် နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ခေါင်းဆောင်များ၏ အသိနှင့်ယှဉ်သော ကြိုးပမ်းအားထုတ်မှုနှင့် နိုင်ငံသားတို့၏ ထူးခြားသောစိတ်ဓာတ် ခံယူချက်များနှင့် အလုပ်လုပ်ခြင်းအပေါ် ထားရှိသည့် သဘောထားတို့မှ ထွက်ပေါ်လာသော အံ့ဩဖွယ်အခြင်းအရာဟူ၍ နိုင်ငံခြားသားတို့က အသိအမှတ်ပြုကြသည်။

အာရှနိုင်ငံများမှ နောက်ထပ်သာဓကများတွင် တောင် ကိုရီးယားနှင့် စင်ကာပူတို့ကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ ၁၉၅၀ ပြည့်နှစ် တောင်-မြောက်ကိုရီးယား စစ်ပွဲကြောင့် ချွတ်ခြုံကျခဲ့ရသည့် တောင်ကိုရီးယားတွင် စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားနိုင်ရေး၊ နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင် ရေးဟူသော နိုင်ငံရေးဖိအားများနှင့်အတူ ၁၉၆၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး၏ အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည်။ သမ္မတပတ်ချုံဟီး၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် မှန်ကန်သောအမြင်၊ ထိရောက် ထက်မြက်သော ဦးဆောင်မှုတို့က တောင်ကိုရီးယားကို အာရှကျားတစ်ကောင်အဖြစ် ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေခဲ့သည်။ စင်ကာပူနိုင်ငံတွင်လည်း ထိုနည်းတူစွာပင် ဝန်ကြီးချုပ် လီကွမ်းယူ၏ ဦးဆောင်မှုဖြင့် သဘာဝသယံဇာတဟူ၍ ဘာမျှမရှိသော ကျွန်းနိုင်ငံ သေးသေးကလေးကို ကမ္ဘာကလေးစားရလောက်သည့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းသို့ ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့သည်။ ဖော်ပြပါနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ခေါင်းဆောင်များ၏ ဦးဆောင်မှုများကသာ အဓိကဖြစ်ပြီး သဘာဝသယံဇာတဟူ၍ မရှိသလောက် ခေါင်းပါးလှသော နိုင်ငံများသာဖြစ်သည်ကို တွေ့ရှိနိုင်သည်။

ယခုအခါ မိမိတို့နိုင်ငံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ ဦးဆောင်မှုဖြင့် နိုင်ငံအတွက် အရေးကြီးသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေရချိန်ဖြစ်သည်။ နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် မှန်ကန်တည့်မတ်စွာ ခိုင်မြဲရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် လိုအပ်ချက်တို့ကို အစိုးရနှင့် ပြည်သူတို့ အတူတကွ ဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်သကဲ့သို့ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မှန်ကန်ထက်မြက်သည့် ဦးဆောင်မှုကို ခံယူကာ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမား လယ်သမား ဝန်ထမ်းများ၏ ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများဖြင့် တညီတညွတ်တည်း ရှေ့သို့လှမ်းချီ ကြရမည့်အချိန်အခါပင် ဖြစ်ပါကြောင်း။