Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၊ မြန်မာ့သင်္ဘောကျင်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက် ၈နာရီက မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်သို့သွားရောက်၍ လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရှင်းလင်းခန်းမဆောင်၌ ကျောင်းအုပ်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပို့ချနေမှု၊လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တည်ဆောက်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ခိုင်ခံ့စွာတည်ဆောက်သွားရန်၊ ဘဏ္ဍာငွေကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်၊ သင်ရိုးညွှန်းတမ်းများကို ခေတ်စနစ်နှင့် အညီရေးဆွဲသင်ကြားသွားရန်၊ လုံခြုံရေးနှင့် ကျန်းမာရေး ကိစ္စရပ်များကို မိသားစုများအပါအဝင် အစဉ်အမြဲ ဂရုပြုနေထိုင်သွားကြရန် မှာကြားခဲ့ပြီး ဆရာ ဆရာမများနှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သင်တန်းသားများ စားရိပ်သာ၌ အရာရှိလောင်း ဒီပလိုမာသင်တန်းသားများနှင့် အတူရင်းရင်းနှီးနှီးနေ့လယ်စာ သုံးဆောင်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စားရိပ်သာချက်ပြုတ်သည့်နေရာတွင် သန့်ရှင်းမှုရှိစေရေး၊ သင်တန်းသား လက်တွေ့လေ့ကျင့်သည့်ရေကူး ကန်နေရာ၊ သင်တန်းသားများ၏ Gym ကစားသည့်နေရာ၌ အားကစားပစ္စည်းများထားရှိမှုနှင့် တည်ဆောက်ပြီးသည့် လေးခန်းတွဲ၊ ခြောက်ထပ်ဝန်ထမ်းအိမ်ရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြန်မာ့သင်္ဘော ကျင်းလုပ်ငန်း၏ရေယာဉ် တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၌ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ MV ဥဿရေယာဉ် လွန်းတင်ထားမှု၊ ရေလုံလွန်းကျင်းနှင့် ဆက်စပ်လုပ်ငန်းများအခြေအနေ၊ ရေယာဉ်ပြုပြင်ရေး အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်