Skip to main content

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက် ၈ နာရီတွင် ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ဒလသင်္ဘောကျင်း၏ လုပ်ငန်း ဆောင်ရွက်နေမှု၊ နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဒလသင်္ဘောကျင်းသည် ရှေးဟောင်းသမိုင်းဝင် သင်္ဘောကျင်းကြီးတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ရှေးဟောင်းအဆောက်အအုံများကို ရေရှည်တည်တံ့စေရေး ထိန်းသိမ်းသွားရန်နှင့် ဒလသင်္ဘောကျင်းရှိ အလုပ်ရုံ၊အဆောက်အအုံတို့ကို ပြန်လည်ပြုပြင်၍ လိုအပ်သည့်စက်ပစ္စည်းများ၊ စက်ယန္တရားများကို ဖြည့်တင်းပြီး လုပ်ငန်းများလည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန် လမ်းညွှန်ထားသည့်အတွက် စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားပြီးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်းအချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ဒလသင်္ဘောကျင်းရှိရေယာဉ်များ လွန်းတင်ပြင်ဆင်မှု၊ စက်ရုံ၊ အလုပ်ရုံနှင့် လွန်းလမ်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်