Skip to main content

အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ချေးငွေထုတ်ပေးမည်

နေပြည်တော် ဩဂုတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရလာမည့် စိုက်ပျိုးရာသီ၊ နွေစပါးသီးနှံ၊ ပဲတီစိမ်းသီးနှံနှင့် ရေချိုပုစွန် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နိုင်ငံတော်က ချေးငွေထုတ်ပေးပြီး အကျိုးတူလယ်ယာစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းဆိုင်ရာစနစ်ပုံစံနှင့် လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း၊ ငါး၊ ပုစွန် အစာထုတ်လုပ်ရောင်းဝယ်သူများ အသင်းတို့မှ ဥက္ကဋ္ဌများနှင့် အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အကျိုးတူလယ်ယာ (Contract Farming) စနစ်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း၊ မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများကို တောင်သူအစုအဖွဲ့ (သို့မဟုတ်) တောင်သူ သမဝါယမအသင်းများ၊ သွင်းအားစုကုမ္ပဏီများနှင့် အကျိုးတူ လယ်ယာစနစ်ဆောင်ရွက်မည့် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်များအကြား သုံးဦးသုံးဖလှယ် သဘောတူစာချုပ်ချုပ်ဆိုဆောင် ရွက်ရန်လိုကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင် အသိသက်သေများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန် မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းဆိုင်ရာစနစ်ပုံစံနှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်