နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ထိုင်းရုပ်မြင်သံကြားအစီအစဉ်များတွင် ထုတ်လွှင့်ပြသရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်းတွင် ထိုင်းခရီးသွားဈေးကွက် ပိုမိုရရှိရေး မြှင့်တင်ရန်ရည်ရွယ်၍ ထိုင်းနိုင်ငံရှိ Best International Travels & Agency မှ ကိုယ်စားလှယ်များနှင့် MONO 29၊ Channel5၊ THAIRATH၊ Workpoint စသည့် ထိုင်းနိုင်ငံရုပ်သံမီဒီယာအဖွဲ့များကို လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် သာယာလှပသော ကမ်းခြေများ၊ သဘာဝအတိုင်း မပျက်မစီးတည်ရှိနေသော ကျွန်းများ၊ နှင်းဖုံးတောင်တန်းများ စသည့် ထူးခြားသော ခရီးသွားအရင်းအမြစ်များနှင့် သဘာဝအလှရှုခင်းများစွာရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅) မျိုးရှိပြီး ၎င်းတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများသည် ထူးခြားသည့် ဝိသေသလက္ခဏာများရှိပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် အရင်းအမြစ်များလည်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာတရားနှင့် လူနေထိုင်မှုပုံစံများမှာ အတော်အသင့်တူညီကြပြီး၊ ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံများဖြစ်သည်နှင့်အညီ အခြေခံဘာသာတရားနှင့် သက်ဝင်ယုံကြည်မှုများလည်း တူညီကြပါကြောင်း၊ ထို့ကြောင့် ထိုင်းခရီးသွား ဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြရာတွင် ရွှေတိဂုံဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ ကျိုက်ထီးရိုးဘုရား စသည့် တန်ခိုးကြီးဘုရားများသို့ သွားရောက်၍ မိမိတို့၏ သက်ဝင်ယုံကြည်မှုများအတိုင်း ဆုတောင်းခြင်းများ ပြုလုပ်လေ့ရှိကြကြောင်း၊ အလားတူ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်သို့လည်း သွားရောက်လည်ပတ်လေ့ရှိကြောင်း။
မြန်မာနိုင်ငံတွင် ဧပြီ ၁၇ ရက်မှစတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းများကို ခွင့်ပြုခဲ့ပြီး e-Visa (Tourist) ကို မေ ၂၀ ရက်မှ စတင်ခွင့်ပြုပေးခဲ့ရာ ယနေ့အချိန်အထိ တစ်နေ့လျှင် နိုင်ငံတကာလေကြောင်းလိုင်း(၁၄)လိုင်းဖြင့် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာလျက်ရှိရာ ထိုင်းခရီးသွားဧည့်သည်များလည်း လာရောက်လည်ပတ်ကြပါကြောင်း၊ မြန်မာနိုင်ငံတွင် ထိုင်းခရီးသွားများအတွက် အထင်ကရ ခရီးစဉ်ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ၊ ငပလီ၊ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေကဲ့သို့သော နေရာများအပြင် သဘာဝအလှအပများဖြင့် ပြည့်စုံလှပနေသော ခရီးစဉ်ဒေသများလည်းရှိကြောင်း။
ယခု လာရောက်လည်ပတ်သော ထိုင်းသတင်းမီဒီယာအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ၏ လက်တွေ့ဘဝအခြေအနေမှန်ကို မြင်တွေ့နားလည်ပြီး ကောင်းမွန်သော အမှတ်တရများ၊ အတွေ့အကြုံများကို ထိုင်းရုပ်မြင်သံကြားအစီအစဉ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ သဘာဝအလှအပဆွဲဆောင်မှုများနှင့် ယဉ်ကျေးမှုများအား ထိုင်းခရီးသွားဧည့်သည်များထံပြသရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ပိုမိုထင်ရှားလာစေမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုရုပ်သံဖိုင်အားပြသပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ထိုင်းနိုင်ငံရုပ်သံအဖွဲ့များက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ Health and Safety Protocol-HSP သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိသော ဟိုတယ်များအား HSP နိုင်ငံအဆင့် အသိအမှတ်ပြုလက်မှတ်များနှင့် ဒေသအဆင့် အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ပြီး နေပြည်တော်ရှိ ဟိုတယ်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုသည်။
ယင်းနောက် ထိုင်းနိုင်ငံ Best International Travels & Agency မှ ကိုယ်စားလှယ်များနှင့် MONO 29၊ Channel5၊ THAIRATH၊ Workpoint ထိုင်းနိုင်ငံ ရုပ်သံမီဒီယာအဖွဲ့များအနေဖြင့် ကျောက်မျက်ပြတိုက်သို့ သွားရောက်လေ့လာလည်ပတ်ကြသည်။ ဩဂုတ် ၁ ရက်တွင် ဥပ္ပါတသန္တိဘုရား၊ မင်းဝံတောင်၊ စစ်သမိုင်းပြတိုက်၊ လက်လုပ်တောင်နှင့် အမျိုးသားပြတိုက်များသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ သွားရောက်လေ့လာလည်ပတ်ပြီး မှတ်တမ်းတင်ဗီဒီယိုများ ရိုက်ကူးကာ ထိုင်းနိုင်ငံရုပ်သံအစီအစဉ်များတွင် ပြန်လည်ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)