Skip to main content

နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၂၇

နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသာယာတင့်တယ်သော ဒေသ Green City ၊ Clean City ၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အပါအဝင် လယ်ယာကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသနေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေရှိ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများ၊ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများကို တည်ဆဲဥပဒေများနှင့်အညီ လွယ်ကူရိုးရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ကူညီပံ့ပိုးပေးရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ စိုက်ပျိုးမြေလုပ်ကိုင်နိုင်သော ရေခံမြေခံ အခြေအနေကောင်းများကို အသုံးပြုပြီး ပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေတိုးတက်ရေးကို ဦးစားပေး ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို စိုက်ပျိုးမွေးမြူရေး အခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးသော ဒေသအဖြစ် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များ၏ စံပြနယ်မြေဖြစ်စေရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဆွေးနွေးကြစေလိုကြောင်း မှာကြားသည်။

ဖြည့်စွက်ဆွေးနွေး

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များကို သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအပေါ် အကျဉ်းချုပ်တင်ပြဆွေးနွေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသကြီး၊ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်