နေပြည်တော် ဇူလိုင် ၂၄
မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် (Agent) ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျကိုယ်စားလှယ် (Alternate Agent) ဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ပူးတွဲခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်သည့် တရားရုံးဆုံးဖြတ်ချက်ကြားနာပွဲသို့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။
အဆိုပါ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်လွှာ (Preliminary Objections) အပေါ် တရားရုံးဆုံးဖြတ်ချက် ဖတ်ကြားပွဲကို အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါ တရားရုံးဆုံးဖြတ်ချက် ဖတ်ကြားပွဲသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ဒေသစံတော်ချိန် ၂၀၅၀ နာရီတွင် အမ်စတာဒမ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၁၀၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်