ရန်ကုန်ဇူလိုင် ၁၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)သို့ သွားရောက်၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှု၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးနေမှုနှင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းမှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ၌ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်ရန် Trade Win အေဂျင်စီအပါအဝင် အေဂျင်စီ ၈ ခုတို့မှ အလုပ်သမား ၈၅၁ ဦးတို့ကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနေမှုနှင့် Golden Plant အေဂျင်စီ အပါအဝင် အေဂျင်စီ ၃ ခုတို့မှ အမျိုးသား ၄၃၀၊ အမျိုးသမီး ၃၇၀ ၊ စုစုပေါင်း ၈၀၀ တို့ကို OWIC ပြုလုပ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မတ် ၂၅ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား စုစုပေါင်း ၃၉၉,၃၉ ဦးကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပေးနိုင်ခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် ဇွန် ၃၀ ရက်အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/ PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁၁,၁၂၃ ဦး၊ စင်ကာပူနိုင်ငံသို့ ၁၀,၅၆၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂,၀၈၃ ဦး၊ ဂျပန်နိုင်ငံသို့ ၇,၅၅၈ ဦး၊ မလေးရှားနိုင်ငံသို့ ၃,၂၈၆ ဦးအပါအဝင် ပြည်ပနိုင်ငံ ၅၇ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆,၃၆၅ ဦးကို ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ပေးပြီး စေလွှတ်ခွင့်ပြုပေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ EPS-TOPIK စာမေးပွဲအတွက် Online စနစ်ဖြင့် စာမေးပွဲလျှောက်လွှာ တင်သွင်းခြင်းကို ဇူလိုင် ၇ ရက်မှ ဇူလိုင် ၂၃ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စားမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းခြင်းကို ဇူလိုင် ၁၄ ရက်မှ ၂၃ ရက်အထိ ပင်လုံခန်းမ (မြောက်ဒဂုံ)တွင် ကောင်တာ(၈)ခု ဖွင့်လှစ်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် ၂၀၁၃ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသော Vocational Training Center of CVT Myanmar သို့ သွားရောက်ပြီး သင်တန်းပို့ချရာတွင် အသုံးပြုသည့် စာသင်ခန်းများ၊ Workshop များ၊ သင်ထောက်ကူ ပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လက်သုံးကိရိ ယာပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို မှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၆၃) ရပ်ကွက်၊ စက်မှုလမ်း၊ အမှတ် (၂၉၆၄)ရှိ Arbourfield Assessment Center သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက Welder Level-1 အလုပ်အကိုင်အတွက် လုပ်သား (၁၂) ဦးကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရာတွင် စစ်ဆေးအကဲဖြတ်ရေးနည်းလမ်းများ၊ အသုံးပြုမည့် ပစ္စည်းကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး Familiarization ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကာ ကျွမ်းကျင်လုပ်သားများကို အရည်အချင်း ပြည့်ဝစေရေးနှင့် Welder အလုပ်အကိုင် အတွက် ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority – NSSA) အနေဖြင့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် အမျိုးအစား (၃၀) အတွက် (၁၉,၅၁၂) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အရည်အသွေးပြည့်ဝသူ (၁၇,၆၃၀)ကို အသိအမှတ်ပြုနိုင်ခဲ့ကြောင်း၊ Welder Level-1 (MMAW, GMAW, FCAW) နှင့် Welder Level-2 (MMAW) အတွက် (၂,၀၇၄) ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ Level-1 (၁,၆၃၆) ဦးနှင့် Level-2 (၁၅) ဦး စုစုပေါင်း (၁,၆၅၁) ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား (၅၀၀၀) စစ်ဆေးအကဲဖြတ်ရန် လျာထားသတ်မှတ်ထားပြီး Welder အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုအဆင့် (၁) ၊ အဆင့် (၂) နှင့် အဆင့် (၃) လုပ်သား (၂၀၂) ဦးကို စစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်ရန်လျာထားပြီး လျာထားချက်အတိုင်းပြည့်မီအောင် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)