ရန်ကုန် ဇူလိုင် ၁၅
ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့် ဂျပန်နိုင်ငံ Gifu University အင်ဂျင်နီယာ မဟာဌာနကြီးအောက်ရှိ သိပ္ပံဌာနများအကြား MoU ရေးထိုးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ပါမောက္ခများနှင့် သင်ကြားစီမံဌာနမှ ဌာနမှူးများ တက်ရောက်ကြသည်။
ထို့နောက် ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara နှင့် The Faculty of Engineering ဌာနမှူး Prof. Dr. Toshiaki Murai နှင့် သိပ္ပံဌာနများမှ ပါမောက္ခဌာနမှူးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားမှူးအဖြစ် ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးရုံး အတွင်းရေးမှူး ပါမောက္ခ ဒေါက်တာစိုးမိုးလွင်နှင့် တွဲဖက်အတွင်းရေးမှူး ကထိက ဒေါ်မေသူ မောင်မောင်တို့က ဆောင်ရွက်သည်။
ဆက်လက်၍ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်နှင့် ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara တို့က အမှာစကား ပြောကြားကြပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ သိပ္ပံဆိုင်ရာ သုတေသနနှင့် လေ့ကျင့် လဲလှယ်ရေးခရီးစဉ်၊ သိပ္ပံပညာရှင်များနှင့် သိပ္ပံပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲများ၊ ဖိုရမ်များနှင့် သင်တန်းများ ပူးတွဲကျင်းပခြင်းနှင့် သုတေသနရလဒ်များကို သုတေသန စာစောင်များတွင် ရေးသားဖော်ပြခြင်း စသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် အသေးစိတ် ဆွေးနွေးကြသည်။
ထို့နောက် နှစ်ဖက်အဖွဲ့အစည်းကြား MoU ရေးထိုးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
သတင်းစဉ်