နေပြည်တော် ဇူလိုင် ၁၅
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ကျင်းပသည်။
ပြောကြား
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းမှ သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ အသိပညာများကို လုပ်ငန်းခွင်မှ အတွေ့အကြုံများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်နှင့် ပိုမိုတိုးတက်သည့် အသိပညာ၊ နည်းပညာများရရှိစေရန် တစိုက်မတ်မတ် လေ့လာလုပ်ကိုင်ရင်း အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် သဘာဝ သယံဇာတအရင်းအမြစ်များသည် အရေးပါသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးခဲ့သည့် အသိပညာများကို ပြန်လည်အသုံးချပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်ခြင်းဖြင့် အမိနိုင်ငံတော်အတွက် အထောက်အကူ ဖြစ်ရုံသာမက နိုင်ငံတကာနှင့် ရင်ပေါင်တန်း အမှုထမ်းနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် လျှပ်စစ်အင်ဂျင်နီယာ၊ လျှပ်စစ်ကျွမ်းကျင်သူများ ဖြစ်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်း၌ ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသား သုံးဦးကို ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့သည့် လျှပ်စစ်စစ်ဆေး တိုင်းတာသည့်ကိရိယာများ၊ သင်တန်းသားများ လက်တွေ့ဆောင်ရွက် ထားရှိသည့် အိမ်တွင်းဝိုင်ယာ သွယ်တန်းတပ်ဆင်ထားမှုများနှင့် လျှပ်စစ်ဓာတ်ခွဲခန်းတွင် လျှပ်စစ်ပစ္စည်းများ စစ်ဆေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်နှင့်ပတ်သက်သည့် အခြေခံသဘောတရားများ၊ လျှပ်စစ်ဥပဒေ၊ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးပွားစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသား ၄၅ ဦး တက်ရောက်ခဲ့သည်။
သတင်းစဉ်