နေပြည်တော် ဇူလိုင် ၁၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့၊ မြန်မာ့မီးရထားရိပ်သာ၌ ပြင်ဦးလွင် တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဇီးပင်ကြီး-ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့် လုပ်ငန်းများ ထိရောက်စွာပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်လို အပ်ချက်များကို မှာကြားသည်။ ယင်းနောက် အဆိုပါလမ်းပိုင်း၌ တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ စနစ်တကျရှိရေး စံချိန်မီ အရည်အသွေးကောင်းမွန်ရေး၊ ဌာနပိုင် သံလမ်း၊ ဇလီဖားတုံးနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းအသုံးပြုစေရေး မှာကြားသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကျောင်း၏ (၄၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍အမှာစကား ပြောကြားရာတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသည် နိုင်ငံတော်၏ ပို့ဆောင်၊ ဆက်သွယ်မှု ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ကြီးဌာနလက်အောက် အရာထမ်း၊ အမှုထမ်းများကို စိတ်ဓာတ်၊ စည်းကမ်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသည့် အရည်အသွေးပြည့်မီသော ဝန်ထမ်းကောင်းများ ဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးနေသည့် သင်တန်းကျောင်း တစ်ခုဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ သင်တန်းသား အရာထမ်း (၆၃၈)ဦး၊ အမှုထမ်း (၃၈၇၄၄)ဦး၊ စုစုပေါင်း (၃၉၃၈၂)ဦးကို လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသား ဝန်ထမ်းများကို အတတ်ပညာ၊ အသိပညာများ စနစ်တကျ သင်ကြားပေးရေး၊ ဝန်ထမ်းကောင်းတစ်ဦး စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်း၊ ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ရေးအတွက် လေ့ကျင့်ပေးရေး၊ ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးတို့ကို အဓိကထား၍ လေ့ကျင့်သင်ကြားပေးသွားရန်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး သင်တန်းကျောင်း၏ တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်သည်။ ထို့အတူ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဌာန၏ သန့်ရှင်းရေးဆု၊ စိုက်ပျိုးရေးဆု၊ သင်တန်းထူးချွန်ဆုရရှိသည့် ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် မိသားစုများကို စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းအတွင်း သရုပ်ပြဆောင်များရှိ သင်ထောက်ကူပစ္စည်းများ ထားရှိအသုံးချနိုင်မှု၊ နှစ်ရှည်ပင်များနှင့် ရာသီသီးနှံစိုက်ခင်း စိုက်ပျိုးထားရှိမှု၊ မွေးမြူရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ တိုင်းတာရေးစခန်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဌာနခွဲတို့၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး ဌာနအလိုက် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်