နေပြည်တော် ဇူလိုင် ၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၃၆)ရှိ (၁/၂၀၀၈) ဒီရေတောစိုက်ခင်း ဧက (၁,၀၀၀) ထိန်းသိမ်းစောင့်ရှောက်ထားမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၅၄)အတွင်း တည်ထောင်ထားသော (၂/၂၀၂၂) ဒီရေတောစိုက်ခင်း ဧက(၄၅၀) သို့ရောက်ရှိပြီး စိုက်ခင်းအတွင်း သမဲ့ကြီး၊ ဗြူးရွှေဝါ၊ ကျန၊ ကန့်ပလာ၊ လမု၊ ကနစို၊ မဓမသစ်မျိုး (၇) မျိုးဖြင့် စိုက်ပျိုးထားမှုနှင့် ကဒုံကနိကြိုးဝိုင်း၊ အကွက် (၅၄)ရှိ သစ်မျိုး (၅)မျိုးဖြင့် စိုက်ပျိုးထားသော (၃/၂၀၂၁) ဒီရေတောစိုက်ခင်း ဧက(၄၀၀)၏ ရှင်သန်အောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၄၉)ရှိ ဗြုံးမွှေးကျွန်း ပျိုးဥယျာဉ်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ သဘာဝဒီရေတောများနှင့် ဒီရေတောစိုက်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတု ဖောက်ပြန်မှုကို လျော့ကျစေခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ပျက်ဆီးမှုများကို အဟန့်အတား ဖြစ်စေခြင်း၊ ငါးပုဇွန်တို့ပေါက်ဖွားရာနေရာများ တိုးပွားလာစေခြင်း၊ ဒေသခံများ၏ လူနေမှုဘဝ တိုးတက်လာစေရန် အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် မိမိဒေသရှိ ဒီရေတောများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက် သွားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေများပေးအပ်ကာ ဒေသခံများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗြုံးမွှေးကျွန်း ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု၊ အကွက်အမှတ်(၄၉)ရှိ သဘာဝဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်ထားမှုနှင့် ဗြုံးမွှေးကျွန်းပတ်ဝန်းကျင် ဒေသခံများ မိကျောင်းအန္တရာယ် ကင်းဝေးစေရေးအတွက် မိကျောင်းအန္တရာယ် ကင်းစင်ရေးခြံများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ မိုးရာသီအတွင်း ဒီရေတောစိုက်ခင်း ဧက (၂,၈၀၀) တည်ထောင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်