Skip to main content

သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁၃

သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီးဦးညွန့်အောင်က လက်ရှိအချိန်၌ သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် နိုင်ငံတော် ရန်ပုံငွေဖြင့် ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းနိုင်ရေး လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့က စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့တက်ရောက်လာကြသည့် ဝန်ကြီးဌာနများအနေဖြင့် လှူဒါန်းမည့်ဆန်အမျိုးအစား၊ ဝယ်ယူစုဆောင်းမည့်အစီအစဉ်၊ ကွန်တိန်နာငှားရမ်းမှု၊ ပေးပို့လှူဒါန်းမည့်ကာလ၊ ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြ ဆွေးနွေးပေးစေလိုပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့က သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးနှင့် စပ်လျဉ်းသည့်ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်