Skip to main content

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကား

မန္တလေး ဇူလိုင် ၁၂

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်းနှင့် လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ ရပ်ကွက်၊ လမ်းများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

အလားတူ မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့ ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်း စသည့် ကုသိုလ်ကောင်းမှူ ပြုသူများဖြင့်လည်း စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

ထို့ပြင် မြို့၊ ရွာအနှံ့ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်းခဲဖွယ် ဘောစဉ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြခြင်း၊ သံဃာတော်များက သီလပေး တရားတော်နှင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များဟောကြားချီးမြှင့်တော်မူခြင်း စသည့် တရားဓမ္မသံများဖြင့်လည်း ထုံမွမ်းလျက်ရှိသည်။

မန္တလေးမြို့၏ အထင်ကရဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့လည်း အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့ကလာရောက်၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆွမ်းရေချမ်းပန်းကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ငါးကန်တွင်ငါးလွှတ်ခြင်း၊ အစာကျွေးခြင်းများအပြင် ဥပုသ်သီတင်းသီလဆောက်တည်၍ တရားဘာဝနာ အားထုတ််သူများ၊ ဘာသာရေးလူမှုရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာဝတ်ရွတ်ပူဇော်ခြင်းတို့ကို အဖွဲ့လိုက်၊ မိသားစုလိုက် အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည်။

အလားတူ အရှေ့ပြင်လုံးဆိုင်ရာ မဟာလောကရန်နှိမ်အောင်တော်မူဆုတောင်း ပြည့်ဘုရား၊ ချမ်းသာကြီးချမ်းသာရဘုရား၊ စန္ဒာမုနိကုသိုလ်တော်ဘုရား၊ မန္တလေးတောင် တော်အတုမရှိ ရွှေကျောင်းတော်ကြီး၊ ဆုတောင်းပြည့်ဆုတောင်းရဘုရား၊ ဘုရားနီ၊ တဝဂူဘုရား၊ ရွှေကျီးမြင်ဘုရား၊ စွယ်တော်မြတ်စေတီတော်၊ နန်းမြို့ဆုတောင်းပြည့်ဘုရား၊ ဝေရောစနကျောက်စိမ်းစေတီတော်၊ အပါအဝင် ဘုရား၊ စေတီတော်များသို့ အနယ်နယ်အရပ်ရပ်နှင့် မန္တလေးမြို့ပေါ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက် ရှိပြီးစေတနာရှင် အလှူရှင်များက စတုဒီသာကျွေးမွေးလှူဒါန်းဒါနပြုကြသည်။

မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အပန်းဖြေစခန်းများ၊ အမရပူမြို့နယ်ရှိ ဦးပိန်တံတားတောင် သမန်အင်းတို့သို့လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူသူများဖြင့်လည်း စည်ကားလျက်ရှိသည်။

မောင်အေးချမ်း