နေပြည်တော် ဇူလိုင် ၁၁
ဗန်းမော်မြို့နယ်နှင့် မြဝတီမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီ မိနစ် ၂၀ တွင် ဗန်းမော်မြို့နယ် စီဟဲကျေးရွာအုပ်စု စီဟဲကျေးရွာအနီးတွင် လာလီမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၅ ပြားနှင့် စိတ်ကြွဆေးပြား အကြေမှုန့် သုညဒသမ ၀၁၂ ကီလို တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် ဇော်နိုင်အောင်(ခ)ကျုံခွာနှင့် ကျော်သက်နိုင်ဦး (ခ)အိမ်ရှင်းတို့ကို Toyota Crown အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ ကက်တမင်း သုညဒသမ ၀၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ညနေ ၅ နာရီတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးအနီးရှိ ဇော်နိုင်အောင်(ခ) ကျုံခွာ တည်းခိုနေထိုင်သည့် ဟိုတယ်အခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ကက်တမင်း သုညဒသမ ၀၄ ကီလို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ ညနေ ၆ နာရီတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ မဇင်မာဦး(ခ)အိုက်တီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိုက်စ် ၁ ဒသမ ၇ ကီလို၊ ကက်တမင်း သုညဒသမ ၄ ကီလိုနှင့် အက်တက်စီဆေးပြား ၃၆၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်