နေပြည်တော် ဇူလိုင် ၁၁
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ငွေကျပ် သိန်း ၅၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၇၂ ကီလိုနှင့် ဘိန်းစိမ်း ၁၂၅ ကီလို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ဟိုပင်ဘက်သို့ စိုင်းသူရကျော် မောင်းနှင်လာသော ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေ ကျပ်သိန်း ၅၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၇၂ ကီလို၊ ဘိန်းစိမ်း ၁၂၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၆ နာရီခွဲတွင် မိုးညှင်း မြို့နယ် ဟိုပင်မြို့ ရွာသစ်ကြီး ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ဇော်ဇော်စိုး(ခ) ဖိုးလုံးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်