Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်နှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၁

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ်၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၆၈၀၀၀၀) နှင့် အချိုမှုန့်ထုပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၅၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၈၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဇူလိုင် ၁၁ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အတ္တရံတံတား ဟင်္သာအဝိုင်း ပူးပေါင် းစစ်ဆေးရေးဂိတ်၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ရေခဲသေတ္တာ (အဟောင်း) ၁၃ လုံးနှင့် အဝတ်လျှော်စက် (အဟောင်း) ၁၀ လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၁၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် တိုယိုတာ ဟိုက်အေ့စ် အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၅၁၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ (၆ ဒသမ ၇၀၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၃၉၀၁၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင် ၉ ရက်နှင့် ၁၁ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲခုနစ်မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၀၇၉၀၁၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်