နေပြည်တော် ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေ ပြည်သူများ ငါးရိက္ခာများ ပေါများစွာ စားသုံးနိုင်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့ မဟာနန္ဒာ ကန်တော်သဘာဝရေပြင်၌ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ဇူလိုင် ၁၁ ရက်က ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင်အဆင့် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ မေဂွန်ကျေးရွာ ကျေးရွာအခြေပြု ရေလုပ်သား အစုအဖွဲ့မှ ရေလုပ်သားများ၊ ရွှေဘိုခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရွှေဘိုငါးလုပ်ငန်းစခန်း တာဝန်ခံနှင့် ဝန်ထမ်းများ၊ ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ကြပြီး ရွှေဘိုငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော နှစ်လက်မအရွယ် ငါးမျိုးများဖြစ်သည့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၂၀၀၀၀၀၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ ၈၀၀၀၀၊ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၇၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၃၅၀၀၀၀အား မဟာနန္ဒာ ကန်တော် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးကြောင်း သိရသည်။
သတင်းစဉ်