နေပြည်တော် ဇူလိုင် ၁၁
NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းအား အကြမ်းဖက်သမားများက ကျောင်းဝင်းအတွင်းဝင်ရောက်၍ ကျောင်းဆောင်များနှင့် ကျောင်းဆောင်အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခဲ့သဖြင့် ကျောင်းဆောင် ၅ ဆောင်ရှိ ပြတင်းပေါက်မှန် ၁၈၅ ချပ်၊ တံခါးမကြီး ၁ ခု၊ မေးခွန်းတိုက် ၁ လုံး၊ ကျောင်းအုပ်ကြီးရုံးခန်းရှိ မိတ္တူကူးစက် ၁ လုံး၊ CCTV ကင်မရာ ၂ လုံး၊ ဆိုဖာထိုင်ခုံ၊ စားပွဲ ၂ လုံး၊ စုစုပေါင်းတန်ဖိုးငွေ ၁,၆၀၇,၅၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်ရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်၏ မြောက်ဘက် အပေါက်သို့ အကြမ်းဖက်သမားများက ဆိုင်ကယ် ၃ စီးဖြင့် မောင်းနှင်လာပြီး တက္ကသိုလ်ဝင်း အတွင်းသို့ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်ပစ်ဗုံး ၁ လုံးမှာ ဝင်ပေါက်ရှေ့ရှိ ဂိတ်အနီးသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဂိတ်မှန် ပြူတင်းပေါက်မှန်များ ကွဲအက် ပျက်စီးခဲ့ပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိပြီး တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး အနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။