Skip to main content

(၃/ ၂၀၂၂)ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုအပါအဝင် လုပ်ငန်းသစ် (၁၉) ခုခွင့်ပြု

နေပြည်တော် ဇူလိုင်  ၁၁ 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/ ၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် ၁၈၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၁)ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၁၉)ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံ မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၈၀၇ ဒသမ ၁၅၅) သန်းနှင့် ငွေကျပ် (၃၂၁,၉၄၈ ဒသမ ၇၅၂) သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၁၀၀) ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား ဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း (၅)ခု လည်းပါဝင်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ယနေ့အချိန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၂၀)က စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၂၉ ဒသမ ၁၄၆) သန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂၁)ခုက စုစုပေါင်းငွေကျပ် (၃၅၀,၉၄၇ ဒသမ ၃၄၇) သန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက် ရှိကြပြီး အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၃,၀၀၀)ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)