Skip to main content

အောင်မြင်ဖြစ်ထွန်းနေသော တောင်ငူမြို့နယ် အရှေ့ဆင်ရွာမှ နှမ်းစိုက်ပျိုးရေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုစာရင်းတွင် မိုးနှမ်း ၁၀၁ ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာ ဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ မိုးမြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ စစ်တောင်းမြစ်ဘေးရှိ သဲနှုံးမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့နယ် တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  စစ်တောင်းမြစ်ဘေးရှိကျေးရွာ စိုက်ခင်းများရှိရာသို့ ကွင်းဆင်း လေ့လာရာ အရှေ့ဆင်ကျေးရွာအုပ်စု၊ ဆင်ရွာလေးရွာ၊ မကုန်ရွာ၊ နောင်ဘိုရွာ၊ နောင်ချိုရွာ၊ ကမ္ဘားနီရွာ၊ သဲတောရွာ၊ တာနှောင်းရွာရှိ တောင်သူဦးကြီးများ စိုက်ပျိုးထားသော နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တွေ့ရှိရသည်။

နှမ်းစိုက်ပျိုးချိန်တွင် နှမ်းမျိုးတစ်ပြည်လျှင် ၄၅၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ နှမ်းတစ် ဧကစိုက်ပျိုးမည်ဆိုလျှင် မျိုးအဖြစ်အနည်းဆုံး နို့ဆီဗူး ၁၂ လုံး (တစ်ပြည်ခွဲ)ခန့်နှင့် အများဆုံး ၂ ပြည်ခန့် လိုအပ်ကြောင်း၊ ယခုအခြေအနေအတိုင်းဆိုလျှင် စစ်တောင်းမြစ်ရေရှိနေပြီး မိုးကြီး၍ စစ်တောင်းမြစ်ရေလျှံမှုဖြစ်ပါက နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်း လာမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ဒုတိယပတ်၊ တတိယပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ တစ်ဧက အထွက်တင်း ၈ တင်းမှ ၁၀ တင်းခန့်အထိ ထွက်ရှိနိုင်ကြောင်း၊ နှမ်း ၁၆ ပြည် (တစ်တင်း)ကြိတ်လျှင် ဆီ ၆ ပိဿာခန့် ထွက်ရှိကြောင်း၊ တောင်သူတစ်ဦး ၃ ဧကမှ ၅ ဧကအထိ စိုက်ပျိုးထားကြောင်း၊ ထွက်ရှိလာသည့်နှမ်းများကို တနိုင်တပိုင်မိသားစု စားဆီအဖြစ်သာသုံးကြောင်း၊ နှမ်းဖတ်များကို တိရစ္ဆာန်စာအဖြစ် နွား ကျွေး၊ ဝက်ကျွေး အသုံးပြုကြောင်း၊ နှမ်းရိုးများကို လယ်ထဲချကာ မြေဩဇာအဖြစ် အသုံးပြုကြောင်း၊ တောင်သူတစ်ချို့လည်း နှမ်းရိုးများ မီးရှို့ပစ်ပါကြောင်း၊ ယခုနှမ်းဈေး တစ်ပြည် ၈၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၁၀၀၀၀ ကျပ် ဈေးရှိကြောင်း၊ မိုးကြီးမှု၊ စစ်တောင်းမြစ်ရေလျှံမှု မရှိပါက နှမ်းစိုက်တောင်သူများ စားဆီဖူလုံမှု ရှိလာမည်ဖြစ်ကြောင်း အရှေ့ဆင်ကျေးရွာအုပ်စု နောင်ဘိုကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

DOCA(ပဲခူး)