Skip to main content

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

အင်ဒိုနီးရှားစားအုန်းဆီပို့ကုန်ခွန် ယာယီလျှော့ချ

အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှု စည်းကြပ်ခွန် အမြင့်ဆုံးနှုန်းထားကို  အမေရိကန်ဒေါ်လာ ၂၀၀ သို့ လျှော့ချလိုက်သော်လည်း ဩဂုတ်လတွင် ပြန်လည်မြင့်တက်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် မကြာသေးမီကထုတ်ပြန်ခဲ့သည့် စားအုန်းဆီတင်ပို့မှု အခွန်မူဝါဒအရ အပြောင်းအလဲများကို ဆောင်ရွက်သည့်စည်းမျဉ်းများထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံးအခွန်နှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ အစား၂၀၀ သို့ လျှော့ချသတ်မှတ်လိုက်သည်ဟု ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ ပို့ကုန်အရှိန်မြှင့်တင်မှု အစီအစဉ်အတွက် အထူးနှုန်းထား များဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ နှုန်းထားအသစ်များသည် ထုတ်ပြန်ကြေငြာသည့် ဇွန်လ ၁၄ ရက်နေ့မှ စတင်သက်ရောက်ပြီး ပို့ကုန်အရှိန်မြှင့်တင်ရေး အစီအစဉ်ပြီးဆုံးချိန် ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ ထို့နောက်ဩဂုတ်လ ၁ ရက်မှစ၍ စားအုန်းဆီကြမ်းပို့ကုန်ခွန် အမြင့်ဆုံးနှုန်းထားသတ်မှတ်ချက်ကို တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၂၄၀ သို့ပြောင်းလဲမည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယဆန်ကွဲ တရုတ်သို့အများဆုံးတင်ပို့

တရုတ်နိုင်ငံသည် အိန္ဒိယဆန်ကွဲအများဆုံး တင်သွင်းနေသည့်နိုင်ငံဖြစ်ကြောင်း၊ ယခင်ကအိန္ဒိယဆန်ကွဲကို အာဖရိကနိုင်ငံများသို့ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်အတွင်း တရုတ်နိုင်ငံက အိန္ဒိယမှဆန်နှင့်ဆန်ကွဲ တန်ချိန် ၁.၆၃ သန်းတင်သွင်းခဲ့ရာ ၉၇% ခန့် ရှိ တန်ချိန် ၁.၅၇၆ သန်းမှာ ဆန်ကွဲဖြစ်ကြောင်း၊ ဆန်ကွဲကို အကြီးအသေး(၂)မျိုးခွဲခြားရာ၌ ဆန်စေ့အပြည့်အလျား၏ ထက်ဝက်ကျော်ပါက ဆန်ကွဲအကြီး၊ ထက်ဝက်‌အောက်ဆိုပါက ဆန်ကွဲအသေးဟုသတ်မှတ်ကြောင်း၊ ကုန်သွယ်ရေးကျွမ်းကျင်သူများက တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယဆန်ကွဲကို ပြည်တွင်းဝိုင်အရက်ထုတ်လုပ်မှုအတွက် စက်မှုကုန်ကြမ်းအဖြစ်ဝယ်ယူခြင်းအပြင် ခေါက်ဆွဲထုတ်လုပ်ရန်အတွက်လည်း ဝယ်ယူသည်ဟုပြောကြားကြကြောင်း၊ အိန္ဒိယဆန်တင်ပို့သူများ အသင်းဥက္ကဋ္ဌဟောင်းက တရုတ်နိုင်ငံသည် ဆန်ကွဲကို အဓိကထားဝယ်ယူပြီး ဝိုင်အရက်ချက်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုခြင်း၊ ခေါက်ဆွဲထုတ်လုပ်ခြင်းများပြုလုပ်ကြောင်း‌၊ ကိုဗစ် ၁၉ ကပ်ရောဂါ မတိုင်မီက တရုတ်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ပြီး ဆန် စက်အချို့ကို ကြည့်ရှုခဲ့ကြောင်း၊ ကျွမ်းကျင်သူတို့က ဆန်ကွဲအဝယ်များလာခြင်းသည် ယူကရိန်းကို ရုရှားကကျူးကျော်စစ်ဆင်နွှဲခြင်းကြောင့် ပြောင်းဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ဆန်ကွဲကို ပိုမိုအသုံးများလာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယ ဂျုံ တင်ပို့မှုကို UAE (၄)လကြာရပ်ဆိုင်း

အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် ကမ္ဘာ့ဒုတိယအများဆုံး ဂျုံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှထွက်ရှိသည့် ဂျုံနှင့်ဂျုံမှုန့်များ တင်ပို့မှုနှင့် တစ်ဆင့်ခံတင်ပို့မှုတို့ကို(၄)လကြာ ရပ်ဆိုင်းရန် အမိန့်ထုတ်ထားကြောင်း၊ ပင်လယ်ကွေ့နိုင်ငံ UAE ၏ စီးပွားရေးဝန်ကြီးဌာနက ကမ္ဘာ့ ဂျုံကုန်သွယ်မှု ပြတ်တောက်ခြင်းများ ပေါ်‌ပေါက်နေသဖြင့် (၄)လပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံကဂျုံကို UAE ပြည်တွင်းစားသုံးမှုအတွက် တင်ပို့ရန်ခွင့်ပြုထားသည်ဟု ဝန်ကြီး ဌာနက ပြောကြားခဲ့ကြောင်း၊ အိန္ဒိယက ဂျုံပြည်ပတင်ပို့မှုကို မေလ ၁၄ ရက်တွင် ရုတ်တရက်ပိတ် ပင်လိုက်ရာ Letter of Credit(LC)ဖွင့်ပြီးသား ဂျုံများကိုမူ ဆက်လက်တင်ပို့ရန်ခွင့်ပြုထားကြောင်း၊ ပြည်တွင်းစားသုံးမှု ဂျုံဖူလုံပြီးသေချာစေရန် ဂျုံပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပြီးနောက် ဂျုံတန်ချိန် ၄၆၉၂၀၂ တန်တင်ပို့ရန် ခွင့်ပြုခဲ့ကြောင်း‌၊ မေလ ၁၃ ရက်မတိုင်မီ UAE သို့တင်သွင်းခဲ့သည့်ဂျုံများကို ပြည်ပတင်ပို့ခြင်းနှင့် တစ်ဆင့်ခံပြည်ပတင်ပို့ခြင်းပြုလိုသော ကုမ္ပဏီများသည် စီးပွားရေးဝန်ကြီးဌာနတွင် ခွင့်ပြုမိန့်ဦးစွာ လျှောက်ထားရန်လိုအပ်ကြောင်း သိရှိရပါသည်။

အိန္ဒိယသကြားပြည်ပတင်ပို့မှု ထပ်မံကန့်သတ်နိုင်ဖွယ်ရှိ

အိန္ဒိယနိုင်ငံက သကြားပြည်ပတင်ပို့မှု အများဆုံးပမာဏ ကန့်သတ်ထားခြင်းကို ဒုတိယအကြိမ် အဖြစ်အောက်တိုဘာလ၌ စတင်ကျင့်သုံးဖွယ်ရှိကြောင်း၊ ပြည်တွင်းသကြားဖူလုံစေရေးနှင့် ပြည်တွင်း သကြားဈေးနှုန်းများ ဈေးမတက်အောင်ထိန်းထားရန်အတွက်ဖြစ်ကြောင်း၊ အိန္ဒိယသည် ကမ္ဘာပေါ်တွင် သကြားအများဆုံးထုတ်လုပ်နေသည့် နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တို ဘာမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သကြားပြည်ပတင်ပို့မှုကို တန်ချိန် (၆-၇)သန်းအထိသာ ခွင့်ပြုရန် ကန့်သတ်နိုင်ဖွယ်ရှိကြောင်း‌၊ လက်ရှိသကြားရာသီကာလတစ်လျှောက်တင်ပို့ခဲ့သည် ထက် ၃ ပုံ ၁ ပုံခန့် လျော့နည်းမည်ဖြစ်ကြောင်း၊ ကြံအများဆုံးထွက်သည့် Maharashtra ၌ မိုးဉီး ကာလတွင် ပျမ်းမျှမိုးရေချိန်၏ ၆၀% အောက်တွင်သာ ရွာသွန်းခဲ့သဖြင့် ကြံစိုက်ခင်းများ ထိခိုက် ပြီး အထွက်နည်းဖွယ်ရှိကြောင်း‌၊ အိန္ဒိယနိုင်ငံသည် ၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြင့် ပြည်ပသို့ သကြားတင်ပို့မှုများအတွက် အများဆုံးပမာဏကန့်သတ်ချက်ကို မေလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယခုနှစ်သကြားရာသီတွင် တန်ချိန် ၁၀ သန်းအထိသာ တင်ပို့ခွင့်ပြုထားကြောင်း သိရှိရပါသည်။

ဆူရှီစားသောက်ဆိုင်လုပ်ငန်း အကြီးအကျယ်လိမ်လည်မှု ဘန်ကောက်တွင်ဖြစ်ပွား

ဆိုင်ခွဲဖွင့်ခွင့်ပေးပြီး ဆိုင်ခွဲများဖြင့်လုပ်ကိုင်သည့် Daruma Sushi Co ၏လုပ်ငန်းရှင်က ထိုင်းနိုင်ငံမှ ပြည်ပသို့တိမ်းရှောင်သွားသဖြင့် လူပေါင်း ၄၀၀ ကျော်တို့က ရဲကို လိမ်လည်မှုဖြင့် တိုင်ကြားပြီး အမှုဖွင့်ထားကြကြောင်း၊ Daruma Sushi Co က လူကြိုက်များသည့် နာမည်ကြီး ဂျပန်ဘူဖေးစားသောက်ဆိုင်ခွဲများလိုင်စင်ချပေးပြီး လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Central Investigation Bureau(CIB)က ကုမ္ပဏီပိုင်ရှင် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးတွင် စုံစမ်းရာ ဇွန် ၁၆ ရက်ည၌ ဒူဘိုင်းသို့သွားမည့် လေယာဉ်ဖြင့် အဖော်မပါဘဲလိုက်ပါသွားပြီး ဒူဘိုင်းမှတဆင့် ဆက်လက်ခရီးဆက်ပြီး ၎င်းသွားရောက်မည့် ခရီးဆုံးလေဆိပ်ကိုမသိရကြောင်း၊ လိမ် လည်ခံရသူများမှာ Daruma Sushi Co ကရောင်းချသည့် e-voucher ဝယ်ယူထားသူများ၊ ဆိုင်ခွဲ ဖွင့်ရန် လိုင်စင်ကြေးပေးသွင်းထားသူများနှင့် ကုမ္ပဏီသို့ပစ္စည်းပေးသွင်းထားပြီး ငွေမရှင်းပေးရ သေးသူများပါဝင်ကြောင်း‌၊ လူပေါင်း ၄၀၀ ကျော် ငွေကြေးဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ စုစုပေါင်းဘတ် သန်း ၁၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း၊ စားသုံးသူကာကွယ်ရေး ဘုတ်အဖွဲ့ရုံးဌာနတွင်လည်း လာရောက်တိုင်တန်းထားသူများပြားကြောင်း‌၊ Daruma Sushi ၏ ဆိုင်ခွဲ ၂၇ ခုတို့ ဆိုင်မဖွင့်ဘဲ တံခါးများပိတ်ထားခဲ့ပြီး နောက်ရက်တွင် ကုမ္ပဏီပိုင်ရှင်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ Daruma Sushi ဆိုင်တွင် ပုံမှန်စားသောက်နေသည့် အမျိုးသမီးတစ်ဦးက ဆူရှီဆိုင်ခွဲလိုင်စင်ယူ၍ ဖွင့်ရန် ဆုံးဖြတ်ခဲ့ရာ Daruma Sushi မှ ဝန်ထမ်းက franchise fee ပေးသွင်းရန်လိုအပ်‌ပြီး ပေး သွင်းပြီးပါက အချိန်တန်လျှင် လစဉ်အမြတ်ငွေ ခွဲဝေပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ franchise fee ဘတ် ၂ သန်းပေးသွင်းပြီး ဆိုင်ခွဲဖွင့်လှစ်‌ရောင်းချခဲ့ရာ ဆိုင်ခွဲမှနေ့စဉ်ဝင်ငွေကို ကုမ္ပဏီငွေစာရင်းထဲသို့ နေ့စဉ်မပျက်မကွက်ပေးသွင်းရကြောင်း၊ တစ်လပြည့်လျှင် အမြတ် ၁၀% ကို သူမ၏ ငွေစာရင်းထဲသို့ ပြန်ပြောင်းထည့်ပေးမည်ဟုဆိုကြောင်း၊ သူမရောင်းချသည့်ဆိုင်ခွဲက အမြတ်မရ သော်လည်း ပထမ ၂ လတွင် တစ်လတစ်ကြိမ် ၁၀% အမြတ်ဝေစုအဖြစ် ဘတ်တစ်သိန်းကို ၂ လ တိုင်တိုင် လစဉ်ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်လတွင်မူ ၎င်းတို့သုံးစွဲသည့် Line Group Chat မှာ ပိုင်ရှင်က ဆော်လမွန်များရရန် အခက်အခဲများရှိနေကြောင်း အသိပေးခဲ့ပြီး သူမနှင့်ဆက်သွယ်၍ မရတော့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)