နေပြည်တော် ဇူလိုင် ၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ လှော်ကားပင်မဓာတ်အားခွဲရုံနှင့် မှော်ဘီမြို့နယ်ရှိ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လှော်ကားသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူး၊ တာဝန် ရှိသူများနှင့်တွေ့ဆုံပြီး ဓာတ်အားပေးစက်ရုံ ရေရှည် တည်တံ့ခိုင်မြဲရေး၊ ဓာတ်အားပေးစက်များ အဆင့်မြှင့်တင်၍ ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားပေးစက်ရုံ နှင့်အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်သွားရန်မှာကြား၍ ဓာတ်အားပေး စက်ရုံအတွင်း လျှပ်စစ်ဓာတ်အားများထုတ်လုပ်နေမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှော်ကားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝဖြင့် ပြည်သူလူထုအသုံးပြုနိုင်ရေး၊ ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ထရန်စဖော်မာတိုးချဲ့တပ်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်သွားရန်မှာကြား၍ ဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများ ချိတ်ဆက်ဖြန့်ဖြူးပေးထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၊ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ စိုက်ပျိုးရာသီရောက်ရှိ လာပြီဖြစ်သောကြောင့် ဓာတ်မြေသြဇာများ ဖြည့်ဆည်းနိုင်ရေး အရည်အသွေးပြည့်ဝသည့် ဓာတ်မြေသြဇာများ စဉ်ဆက်မပြတ်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း၊ လုပ်ငန်းသုံးစက်ပစ္စည်းများ ကြံ့ခိုင်မှုရှိစေရေး၊ ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ စီးပွားရေးအရ တွက်ခြေကိုက်ပြီးအောင်မြင်သည့် စက်ရုံတစ်ရုံဖြစ်စေရေး၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်ရုံ၏ လုံခြုံရေးတို့ကို စနစ်တကျ စီမံချက်ချမှတ်ဆောင်ရွက်ရေးနှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းကြပ်မတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းမှာကြား၍ စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများ မွမ်းမံပြင်ဆင်နေမှုနှင့် ဓာတ်ခွဲခန်း၊ ပင်မ ထိန်းချုပ်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ အမှတ်(၄) ဓာတ်မြေ သြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅)ဓာတ်မြေ သြဇာစက်ရုံ(ကန်ကြီးထောင့်) တို့ကို ဇူလိုင် ၁၃ ရက်မှ စတင်လည်ပတ်ပြီးနေ့စဉ် ယူရီးယားဓာတ်မြေသြဇာ တန် ၃၀၀ ခန့်စီ ထုတ်လုပ်ကာ စိုက်ပျိုးရာသီအမီ တောင်သူလယ်သမားများ လက်ဝယ်သို့ ထုတ်လုပ် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်