နေပြည်တော် ဇူလိုင် ၄
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထား သော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့်ကြီးကြပ်စေခြင်း” တာဝန်နှင့်အညီ နိုင်ငံရေးပါတီ များ၏ ပါတီဝင်အင်အား၊ ပါတီ ပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့်စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ဦးမင်းမင်းဦးတို့ ဦးဆောင်ပြီး ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စား လှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၃ ရက်အထိ စစ်ဆေးဆောင်ရွက် ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဩဂုတ်မှ ယနေ့အထိ နိုင်ငံရေး ပါတီ ၈၅ ပါတီ စစ်ဆေးခဲ့ပြီး စစ်ဆေးရန်ကျန်ရှိသည့် နိုင်ငံရေးပါတီခုနစ်ပါတီကို ဆက်လက်စစ်ဆေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်