Skip to main content

မြန်မာစံလက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူမွမ်းမံသင်တန်း Phase-I ဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၄

နားမကြားသောကလေးများကျောင်း (မန္တလေး)၌ ဖွင့်လှစ်ပို့ချမည့် မြန်မာစံလက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန EC ခန်းမ၌ ကျင်းပသည်။

မသန်စွမ်းသူများဖြစ်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သော ၅ ဒသမ ၉၆၈ သန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း၊ ၎င်းတို့အနက် အကြားအာရုံပိုင်းဆိုင်ရာ အခက်အခဲရှိသူ အရေ အတွက်သည် ၁ ဒသမ ၀၉၂ သန်းရှိပြီး စုစုပေါင်း လူဦးရေ၏ ၂ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်ကြောင်း။

နားမကြားသောကလေးများကျောင်း(ရန်ကုန်) တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဩဂုတ် လအထိ သင်တန်းကာလ ၁၈ လကြာမြင့်သည့် လက်သင်္ကေတပြဘာသာစကား ကူညီပံ့ပိုးသူ သင်တန်းအမှတ်စဉ် (၁) မှ (၄) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၉ ဦး မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ သင်တန်း၏ အကျိုးဆက်အနေဖြင့် “လက်သင်္ကေတပြ ဘာသာစကားဝန်ဆောင်မှုပေးရာဌာန” ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ မိမိတို့ဌာန၏ နားမကြားသော ကလေးများကျောင်းများတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး အကြားအာရုံမသန်စွမ်းသူများ အတွက် ဆေးရုံ၊ ဆေးခန်းသွားခြင်း၊ အလုပ်အင်တာဗျူးဖြေဆိုခြင်း၊ အစည်းအဝေး၊ အလုပ်ရုံ ဆွေးနွေးပွဲနှင့် အခမ်းအနားများတွင် တက်ရောက် ဆွေးနွေးခြင်း၊ တရားရုံးများနှင့် ရဲစခန်းများမှ အကူအညီ တောင်းခံလာသော ကိစ္စရပ်များတွင် ကူညီခြင်းအစရှိသည့် လိုအပ်သောနေရာများတွင် လက်သင်္ကေတပြဘာသာစကား ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ လက်သင်္ကေတပြဘာသာ စကား အသုံးပြုမှု နည်းပါးခြင်းနှင့် ကျွမ်းကျင်မှုများအားနည်းနေခြင်းကြောင့် ယခုမြန်မာစံလက် သင်္ကေတပြဘာသာစကား ကူညီပံ့ပိုးသူမွမ်းမံ သင်တန်း Phase–I ကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားသည်။

သင်တန်းကို ဇူလိုင် ၄ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် လက်သင်္ကေတပြ ဘာသာစကားကူညီပံ့ပိုးသူသင်တန်းဆင်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်)တို့မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၁ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်