နေပြည်တော် ဇူလိုင် ၄
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း၊ လာအိုနိုင်ငံ အဆင့်မြင့်အရာရှိကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ညနေပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီများအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
လှည့်လည်လေ့လာကြည့်ရှု
ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ လာအိုနိုင်ငံအဆင့်မြင့် အရာရှိကြီးနှင့် ကိုယ်စားလှယ် အဖွဲ့တို့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီတော်၊ ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာ ဘုရားများသို့သွားရောက်၍ ပန်း၊ ရေချမ်းတို့ ကပ်လှူပူဇော် ကြည်ညိုကြပြီး အဆိုပါ ဘုရား၊ စေတီများရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာများကို လှည့်လည်လေ့လာကြည့်ရှုကြသည်။
ယွန်းထည်လုပ်ငန်းပြုလုပ်နေပုံကို လေ့လာ
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ လာအိုနိုင်ငံအဆင့်မြင့် အရာရှိကြီးနှင့် ကိုယ်စား လှယ်အဖွဲ့တို့သည် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်းယွန်းထည်ဆိုင်သို့ သွားရောက်၍ ယွန်းထည်လုပ်ငန်း ပြုလုပ်နေပုံ အဆင့်ဆင့်ကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်