ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူ၊ မိမိတို့၏ ဇာတိ နေရပ်၊ အမိအဖ၊ မိသားစုတို့ရှိရာ အိမ်ပြန်ချင်ကြသူများကို ပြန်လည်ဖိတ်ခေါ်၍ စနစ်တကျ ပြန်လည်လက်ခံပေးလျက်ရှိသည်။ နိုင်ငံရေးမုန်တိုင်းထန်စဉ်ကာလ နိုင်ငံကို အလုံးစုံပျက်သုဉ်းစေလိုသည့် မသမာသူတို့၏ သွေးထိုးလှုံ့ဆော်မှုများ၊ စည်းရုံးဆွဲဆောင် မှုများ၊ ကောလာဟလများ စသည့်အကြောင်းအမျိုးမျိုး တို့ကြောင့် CDM ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များအပါအဝင် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ ရောက်ရှိနေသူများ၊ ပြည်တွင်းပြည်ပတို့တွင် ထွက်ပြေးတိမ်းရှောင်နေသူများ စသည်တို့အနက်မှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကာ ပုံမှန်ပြည်သူများ၏ နေ့စဉ်ဘဝများတွင် အေးချမ်းစွာ ပြန်လည်နေထိုင်လိုသူများကို အာမခံချက်ပေး၍ ဖိတ်ခေါ်နေခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဇူလိုင် ၄ ရက်က တွေ့ဆုံအမှာစကားပြောကြားရာတွင် “၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်း မသမာမှုရလဒ်များကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန် များကို ခေတ္တတာဝန်ယူ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအမြတ်ထုတ်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အကြမ်း ဖက်မှုဖြစ်စဉ်များကို မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီ တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)အတိုင်းသာ လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီသာ ဆက်လက်လျှောက်လှမ်းရမည် ဖြစ်ကြောင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းအနေဖြင့် Moving Forward ဆိုသည့် အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်းမရှိဘဲ ရှေ့ကို ဆက်လက်လျှောက်လှမ်းနေကြခြင်းဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့်လည်း ကျန်နေ၍မရကြောင်း၊ Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံ့တာဝန်များကို တာဝန်ယူဆောင်ရွက်နေရသည့် ကာလအတွင်း နိုင်ငံရေးအရ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိသလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာရေးတို့အတွက်လည်း အနှောင့်အယှက်၊ အခက်အခဲများ၊ စိန်ခေါ်မှုများ ကြားမှပင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အစိုးရနှင့် ပြည်သူဟူသည် နိုင်ငံတစ်နိုင်ငံ၏ အစိတ်အပိုင်းများဖြစ်ပြီး နိုင်ငံကို ဖန်တီးတည်ဆောက်သူ၊ ကာကွယ်စောင့် ရှောက်သူများလည်း ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် အစိုးရနှင့် ပြည်သူတို့ ပူးပေါင်းလက်တွဲဆောင်ရွက်မှု အားကောင်း မောင်းသန်ဖြစ်ဖို့လိုသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ ချမှတ် ဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွက် တည်ဆောက်ရေးအင်အား စုများအဖြစ် အလုပ်အကျွေးပြုနိုင်ရေး၊ ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်နိုင်ရေးတို့အတွက် လက်ခံကြိုဆိုမည့် စခန်းများမှတစ်ဆင့် ဇာတိနေရပ်များဆီ ပြန်လည်ဝင်ရောက်နိုင် ကြပါစေကြောင်း။