Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ရုံးအမှတ်(၅၅)၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့်ဇနီး ဒေါ်ခင်သွယ်သွယ်မြင့်နှင့် ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာထမ်း၊ အမှုထမ်းများက သပြေအေးမိုးကုတ်ဝိပဿနာ ရိပ်သာပဓာနနာယကဆရာတော် ဦးဂန္ဓမာလာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌများ၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြပြီး အမှတ်တရအစီအစဉ်အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်)၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲများရှိ ဝန်ထမ်းများကို ကံစမ်းမဲနှိုက်ပြီး ဆုများပေးအပ်သည်။

ညစာစားပွဲနှင့် ဆုပေးပွဲ

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲနှင့် ဆုပေးပွဲကို ညနေ ၆ နာရီတွင် ဆက်လက်ကျင်းပသည်။

ဦးစွာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ဦးလှထွန်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့် ဦးကြည်အေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ (ငြိမ်း)တို့က ဩဝါဒအမှာစကားများ ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ဝန်ထမ်းများအတွက် နှစ်ပတ်လည်နေ့အမှတ်တရလက်ဆောင်ငွေ ချီးမြှင့်ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကလည်းကောင်း၊ ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ငွေအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမင်းက လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဒသမတန်းတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဦးသာမိုးနှင့် ဒေါ်မေလပြည့်နှင်းတို့၏သမီး မမိုးပြည့်သစ္စာနိုင်၊ ဦးသာထူးဝင်းနှင့် ဒေါ်အိအိကျော်တို့၏သမီး မညိုလဲ့နဒီတို့ကိုလည်းကောင်း၊ သုတေသနစာတမ်းဖတ်ပွဲတွင် ပထမဆုရှိသည့် စာတမ်းရှင်များဖြစ်ကြသည့် ဦးစိုးမင်းထွဏ်း၊ ဒေါက်တာသန်းသန်းစိုးနှင့် ဒေါ်နှင်းထက်ထက်ဝင်း၊ ဒုတိယဆုရရှိသည့် ဒေါ်လေးလေးအောင်တို့ကိုလည်းကောင်း ဆုများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်သွယ်သွယ်မြင့်က ဗဟိုဘဏ်ဝတ်အသင်းများ ဖြစ်ကြသည့် နေပြည်တော်ဝတ်အသင်းနှင့် ရန်ကုန်ဘဏ်ခွဲဝတ်အသင်း၊ ဒသမတန်းတွင် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဒေါက်တာဝင်းထိုက်နှင့် ဒေါ်နွယ်နီထွန်းတို့၏သမီး မသီရိထိုက်ကိုလည်းကောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုရကျောင်းသူ ကျောင်းသားများ၊ အားကစားသမားများကို ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ညစာစားပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာထမ်း အမှုထမ်းများက အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်