နေပြည်တော် ဇူလိုင် ၂
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း ပင်မအဆောင်၏ အနောက်ဘက် ပေ ၅၀ ခန့်အကွာရှိ အသုံးပြုခြင်းမရှိသည့် သွပ်မိုး၊ ထရံကာကျောင်းဆောင် အဟောင်းအတွင်း၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းဆောင်အဟောင်းရှိ အမိုးသွပ် ၃ ချပ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင်လ ၁ ရက် ညနေ ၃ နာရီအချိန်တွင် ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာနေ အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာဖြစ်သူ ဦးနေစိုး(၃၈)နှစ် (ဘ) ဦးရန်ထွန်းအား လည်ပင်းထိုးသွင်း၊ ပြတ်ရှဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းသည် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဖောင်းပြင်မြို့ပညာရေးမှူးရုံးသို့ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသွားရာမှ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ အင်ဝိုင်းကျေးရွာ သုသာန်အနီး၌ အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံထားရသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။