နေပြည်တော် ဇူလိုင် ၂
တရားမဝင်မီဒီယာများအနေဖြင့် လူမူကွန်ယက်စာမျက်နှာများနှင့် Online ပေါ်တွင် ဥကရစ်ထစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့ လက်အောက်သို့ကျရောက်သွားကြောင်း၊ အရာရှိ၊ စစ်သည်များစွာ ကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံရကြောင်း သတင်းမှားများ အမျိုးမျိုးထုတ်လွှင့်ဖော်ပြ၍ ဝါဒဖြန့်မှုများ ဆောင်ရွက်ခဲ့သည်။
ရန်သူမှသာလွန်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဥကရစ်ထစခန်းရှိ တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ မဆုတ်မနစ် ကြံကြံခိုင်သော လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တို့ဖြင့် KNLA နှင့် ပြည်ပအားကိုးသည့် အကြမ်းဖက်သမားများ၊ PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့၏ ဇွန် ၂၆ ရက်မှ ဇွန် ၃၀ ရက်အထိ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် မြေပြင်ပစ်ကူနှင့် လေကြောင်းပစ်ကူ ထိထိရောက်ရောက် ရယူကာ အောင်မြင်စွာ ခုခံတွန်းလှန်နိုင်ခဲ့ပြီး ယနေ့ညနေပိုင်းတွင်လည်း ရာသီဥတုနှင့် အခြားသောမြေအနေထား ကန့်သတ်ချက်ရှိသည့်အကြားမှ စခန်းအရောက် စစ်ကူ၊ ပစ်ကူ လာရန်ချီတက်ကြသည့် စစ်ကြောင်းများနှင့် တပ်ချင်းဆက်၍ ပူးပေါင်းမိကာ ဥကရစ်ထစခန်းနှင့်ပတ်ဝန်းကျင် တစ်ဝိုက်လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဥကရစ်ထနယ်မြေ ထိတွေ့တိုက်ပွဲဖြစ်စဉ်များတစ်လျောက် ပြည်ပလက်ဝေခံ KNLA အုပ်စုအချို့နှင့် အကြမ်းဖက်အုပ်စုတို့၏ သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများကိုလည်း တရားမဝင်မီဒီယာများတွင် သနားစဖွယ်နှင့် အလှူငွေများ ပိုမိုရရှိ ကောက်ခံနိုင်ရေး နေ့စဉ်ဖော်ပြမှုများကိုလည်း တွေ့ရှိနိုင်မည်ဖြစ်သည်။
ဥကရစ်ထစခန်း ရန်သူ့လက်သို့ဆုံးရှုံးမှုမရှိအောင် ရွပ်ရွပ်ချွံချွံ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် စွမ်းစွမ်းတမံ ခုခံတိုက်ခိုက်ခဲ့သော တပ်မတော်သားများ၊ မြေပြင်ပစ်ကူအပါအဝင် လေကြောင်းပစ်ကူ အဆက်မပျက်ပေးခဲ့သော တပ်မတော်သားများနှင့် ရဲဘော်၊ ရဲဘက်စိတ်ဖြင့် တပ်ချင်းဆက်၍ အချိန်မီ စစ်ကူသွားရောက်နိုင်ခဲ့သော တပ်မတော်သားများ၏ စခန်းအတွင်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ပြိုလဲမှုမရှိအောင်၊ ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး ရဲသော်မသေ၊ သေသော်ငရဲမလား မြင့်မြတ်သည့်စိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ် ဆောင်ရွက်နိုင်ခဲ့မှုအတွက် မြဝတီရုပ်မြင်သံကြား အဖွဲ့သူ၊ အဖွဲ့သားများက လှိုက်လှိုက်လှဲလှဲဖြင့် ဂုဏ်ပြုမှတ်တမ်းတင်သတင်း တင်ဆက်လိုက်ရပါသည်။ ကျွန်တော်၊ ကျွန်မတို့ မြဝတီရုပ်မြင်သံကြား အဖွဲ့သူ၊ အဖွဲ့သားများကလည်း ကျေးဇူးတင်ရှိပါသည်။