ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်ဦးဆောင်ကော်မတီအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၆ နာရီခွဲတွင် ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တောစည်ပင် သာယာရဲတပ်ဖွဲ့လိုင်းခန်း၌ ရွေ့လျားဈေးကားစနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊အသားမျိုးစုံနှင့် ငါး/ ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာ အလွယ်တကူဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ကြရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် မှော်ဘီမြို့နယ် ပြည်လမ်းမှ ညောင်နှစ်ပင်အဝင်ဆတ်သွား တောလမ်းဆုံသို့သွားရောက်၍ အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)မှ လမ်းဆုံတြိဂံကျွန်း မြေညှိပြုပြင်၍ Interlock ခင်းကျင်းပြီးစီးမှု၊ ညောင်နှစ်ပင် လမ်းကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းနေမှုတို့ကိုလည်းကောင်း(အောက်ပုံ)၊ ညောင်နှစ်ပင် လမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊သစ်ပင်များ ခုတ်ထွင်နေမှု၊ လမ်း ဝဲ/ယာလမ်းပခုံးသားများ ရှင်းလင်းနေမှုနှင့် ရေမြောင်းများအတွင်း အမှိုက်များဆယ်ယူ ရှင်းလင်း နေမှုတို့ကိုလည်းကောင်း၊ အထူးဇုန်(၁)ဟင်းသီးဟင်းရွက် လက်ကားဈေး တည်ဆောက်မည့် မြေနေရာသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ လက်ကားဈေး အဆောက်အအုံများနှင့် စိုက်ခင်းပြုလုပ်မည့် မြေနေရာများကို မြေညှိပြုပြင်နေမှု၊ စိုက်ခင်းများပြုလုပ်နေမှုနှင့် မြေညှိပြုပြင်ရာမှ ထွက်ရှိလာသော မြက်ပင်ချုံနွယ်များနှင့် ရေမြောင်းဆယ်ယူရာမှရရှိသည့် ဗေဒါများကို အီးအမ်ဘိုကာရှီသဘာဝမြေဩဇာ ပြုလုပ်ရန်ဆောင်ရွက်ထားရှိမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ညောင်နှစ်ပင်ရွာအဝင်လမ်းနှင့် M4 လမ်းဝဲ/ယာအုပ်မိုးကိုင်းများ ရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူးရေး အထူးဇုန်၊ ဇုန် (၂)အတွင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတို့ပူးပေါင်း၍ M5 လမ်းတစ်လျှောက် အုပ်မိုးကိုင်းများရှင်းလင်းနေမှု၊ မြက်ပင်ချုံနွယ်များရှင်းလင်းနေမှု၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ M5 လမ်းနှင့် C14 လမ်းဆုံရှိ အထူးဇုန်(၂) စီမံခန့်ခွဲရေးကော်မတီရုံးအဆောက်အအုံနှင့် မျှော်စင်ပြုပြင်နေမှု၊ ရုံးအဝင်မြောင်းကူးတံတားအသစ်တည် ဆောက်ပြီးစီးမှု၊သန့်စင်ခန်းများ ပြုပြင်နေမှု၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ အဆောက်အအုံသစ်လွင်စေရေး ဆေးသုတ်ထားရှိမှုတို့ကိုလည်းကောင်း၊ C12 လမ်းနှင့်ခရိုင်ချင်းဆက် လမ်းတစ်လျှောက် အုပ်မိုးကိုင်းများ၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ C12 လမ်းနှင့် ခရိုင်ချင်းဆက်လမ်းအနီး ကျွဲကောခြံစိုက်ပျိုးထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လမ်းတစ်လျှောက် စိုက်ပျိုးရေးခြံများအတွင်း စိုက်ကွက်ပေါင်များပေါ်လွင်စေရေး ရှင်းလင်းရန်နှင့် လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်