Skip to main content

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဥကရစ်ထ ကျေးရွာအနီးရှိ စစ်ဗျူဟာ အရေးကြီးနေရာတစ်ခုအား တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာသိမ်းပိုက်ရရှိ

နေပြည်တော် ဇူလိုင် ၁

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံမှု ပြည့်ဝစွာဖြင့် မိမိတို့၏ လူမှုစီးပွားဘ၀အား လွတ်လပ်စွာ ဆောင်ရွက်နိုင်စေရေးအတွက် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်လျက် ရှိရာတွင်ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း ဥကရစ်ထ စစ်ဆင်ရေး ခြေကုပ်စခန်း၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော် စစ်ကြောင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက သာလွန်အင်အား အများအပြားအသုံးပြု၍ ဇွန်လ ၂၆ ရက်နေ့မှစတင်၍ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့သည်။

သို့ရာတွင် ဥကရစ်ထစစ်ဆင်ရေး ခြေကုပ်စခန်းမှ အရာရှိ၊ စစ်သည်များ၏ မိမိအသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှု၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများမှ ထိရောက်စွာ ပစ်ကူပေးတိုက်ခိုက်မှုတို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူများသည် စခန်းအား သိမ်းပိုက်နိုင်မှုမရှိဘဲ ထိခိုက်ကျဆုံးမှုများပြားစွာဖြင့် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ဥကရစ်ထကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ လူနေတဲများရှိ ဗုံးခိုကျင်းများကို အသုံးပြုခိုအောင်း၍ မိမိတပ်မတော်စစ်ကြောင်းများအား ဆက်လက် ပစ်ခတ်တိုက်ခိုက်လျက်ရှိသဖြင့် တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက် ချေမှုန်းခြင်း၊ စစ်ကူစစ်ကြောင်းများအား လေကြောင်းမှတစ်ဆင့်ပို့ဆောင်၍ နယ်မြေလုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဥကရစ်ထစစ်ဆင်ရေး ခြေကုပ် ပတ်ဝန်းကျင် စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်းရှိ အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်း၊ စစ်ကူစစ်ကြောင်းတစ်ကြောင်းတို့မှ ရဲဝံ့စွန့်စားစွာဖြင့် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကို ထိရောက်စွာ အသုံးပြု တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နေ့လယ်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များအတွင်း မိမိထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှု များပြားစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် မိမိတပ်မတော်စစ်ကြောင်းများမှ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်သို့ ပူးပေါင်းနိုင်ရေး သိမ်းပိုက်ရရှိသည့် ခြေကုပ်နေရာမှတစ်ဆင့် ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

တပ်မတော်အနေဖြင့် အဆိုပါဒေသအတွင်း KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ လုံးဝအခြေချနေထိုင်မှု မရှိစေရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။