နေပြည်တော် ဇွန် ၃၀
(၁၀) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာဇဘတ်မြို့တွင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီး H.E.Mr. Konstantin Chuy-Chenko ၏ ဖိတ်ကြားချက်အရ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) သို့ နိုင်ငံတကာမှ တရားသူကြီးချုပ်များ၊ ဥပဒေရေးရာ ဝန်ကြီးများ၊ တရားရေးဝန်ကြီးများ၊ ရှေ့နေချုပ်များ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ဥပဒေပါမောက္ခ များ၊ အပြည်ပြည်ဆိုင်ရာရှေ့နေများ၊ တရားရေးနှင့် ဥပဒေရေးရာဌာနများမှ ကိုယ်စားလှယ်များ ၉၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) ၏ အဓိကခေါင်းစဉ်မှာ ဥပဒေဘောင်အတွင်း နေထိုင် ခြင်းဖြစ်သည်။
ပါဝင်ဆွေးနွေး
ထို့အပြင် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်တွင် “နိုင်ငံတော်က ဆောင်ရွက်ပေးလျက် ရှိသည့် တရားမျှတရေးဆိုင်ရာဝန်ဆောင်မှု” (State Justice in the Service of a Human) ခေါင်းစဉ်ဖြင့် ဥပဒေစကားဝိုင်းဆွေးနွေးကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရေးဝန်ကြီး အပါအဝင် အခြားသောနိုင်ငံများမှ တရားရေးဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက Panelist Speaker အဖြစ် ပါဝင်ဆွေးနွေး ဟောပြောသည်။
ထိုသို့ ဆွေးနွေးရာတွင် ခေါင်းစဉ်မှာ “နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် တရားမျှတရေးဆိုင်ရာ ဝန်ဆောင်မှု” (State Justice in the Service of a Human) ဖြစ်၍ မိမိအမြင်ကို ဆွေးနွေးရလျှင် တရားမျှတရေးဆိုင်ရာ ဥပဒေဝန်ဆောင်မှုပေးခြင်းသည် အရေးကြီးပါကြောင်း၊ ဥပဒေအခွင့်အရေးရရှိရန်နှင့် ဥပဒေအရ အကာအကွယ်ရရှိရေးတို့ကို ဆောင်ရွက်ပေးရာတွင် အခြေခံမူနှင့်ရည်ရွယ်ချက်မှာ နိုင်ငံအားလုံး အတူတူပင်ဖြစ်ကြောင်း၊ ဥပဒေစနစ်များ၊ နိုင်ငံအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကျင့်သုံးသော တည်ဆဲဥပဒေများပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုတွင် အနည်းငယ်ကွဲပြားမှု ရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အများပြည်သူ အတွက် ဥပဒေဝန်ဆောင်မှု ပေးအပ်နိုင်ရေး၊ တရားမျှတမှုရရှိရေးနှင့် ဥပဒေအသိပညာပေးရေး (Legal Advocacy) ကို တစိုက်မတ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း။
ပူးပေါင်းဆောင်ရွက်
ဥပဒေအသိပညာပေးရာတွင် ဥပဒေအရာရှိများသာမက အစိုးရဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အလယ်အလတ်အရာရှိများ၊ ဆက်စပ်သက်ဆိုင်သူ (Stakeholders) များ အားလုံးကိုပါ ဥပဒေအသိပညာ ပြန့်ပွားစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်သာမက မိမိကြီးကြပ်မှုအောက်ရှိ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများ၌ပါ ဥပဒေအသိပညာပေးရေးသင်တန်း (Legal Advocacy Training) များ ပေးလျက်ရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် ဥပဒေအသိ ပညာဗဟုသုတများ ရရှိသည့်အခါ အများပြည်သူတို့အား တရားမျှတမှုဆိုင်ရာ ဥပဒေအခွင့်အရေးများ ရရှိနိုင်ရန်နှင့် တရားမျှတမှု လက်လှမ်းမီရေးတို့အတွက် ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းအချက်သည် ယခုအပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်၏ အနှစ်သာရ သဘောတရားနှင့် ကိုက်ညီပါကြောင်း၊ ထို့အပြင်တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Rule of Law and Justice Coor-dinating Body) ကို ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားသူကြီးများ၊ ရှေ့နေများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ပြည်သူ့အတွက် တရားမျှတမှုရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူက ဥပဒေသတင်းအချက် အလက်ရရှိရေး၊ ဥပဒေများ၊ စီရင်ထုံးများ အစရှိသည်တို့ကို လွယ်လင့်တကူရယူနိုင်ရေးအတွက် မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System- MLIS) ကို တည်ထောင်ထားကြောင်း၊ ၎င်းအချက်များသည် ပြည်သူကို ဥပဒေဝန်ဆောင်မှုပေးလျက်ရှိသည့်အပြင် ယခုဖိုရမ်မှ နိုင်ငံတကာ၏ ဆွေးနွေးချက်များအပေါ် မိမိအနေဖြင့် ဥပဒေဗဟုသုတများ တိုးပွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်နိုင်မှုများ တိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးဟောပြောသည်။
အပြန်အလှန်အမြင်ချင်းဖလှယ်
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရေးဝန်ကြီး H.E.Mr. Konstantin ChuyChenko နှင့် နှစ်နိုင်ငံ ဥပဒေရေးရာကိစ္စရပ်များ ဆွေးနွေးသည့် အစည်းအဝေး (Bilateral Meeting) သို့ ဆက်လက်တက်ရောက်ခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးမှ ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုအတွက် နှစ်နိုင်ငံဝန်ကြီးဌာနအကြား ဥပဒေသုတေသနပြုမှုလုပ်ငန်းကိစ္စများ၊ ဥပဒေဗဟု သုတနှင့် အမြင်ချင်းဖလှယ်ခြင်းအတွက် ဆွေးနွေးပွဲများကျင်းပရန်တို့ ပါဝင်သော နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်မည့်ကိစ္စကို ကမ်းလှမ်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နှစ်နိုင်ငံဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို များစွာကြိုဆိုပါကြောင်း၊ ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံဥပဒေရေးရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်တက်ရောက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဥပဒေဘောင်အတွင်းနေထိုင်ခြင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ဥပဒေများ ခေါင်းစဉ်ဖြင့်ဖိုရမ်၏ Plenary Session သို့ ဆက်လက်တက်ရောက်ခဲ့ရာ အဆိုပါ Plenary Session တွင် စီးပွားရေးဆိုင်ရာ ဥပဒေများနှင့် အရေးယူပိတ်ဆို့မှုများ၊ ပြည်သူနှင့် ဥပဒေ၊ နိုင်ငံတကာဆက်ဆံရေးဥပဒေ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာဥပဒေများ ပြုပြင်ပြောင်းလဲခြင်း၊ တရားဥပဒေစိုးမိုးရေးအတွက် စည်းမျဉ်းစည်းကမ်းများ လိုက်နာအကောင်အထည်ဖော်ခြင်း၊ တရားမျှတမှုရရှိရေးနှင့် တရားစွဲဆိုခြင်း စသည့်ဥပဒေဘာသာရပ် ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်