Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ဌာနအကြီးအကဲများ နှစ်(၇၀)ပြည့် အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲ (ဗိုလ်လုပွဲ)များ ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၂၉

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ရုံးအမှတ်(၅၅)ရှိ အားကစားကွင်းများတွင် ကျင်းပနေသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဇွန် ၁၅ ရက်မှ ယနေ့အထိ ကျင်းပ

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စိတ်အပန်းပြေစေရေး၊ ဝန်ထမ်းတိုင်းမိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာပျော်ရွှင်စွာ ကိုယ်လက်လှုပ်ရှားစေရေး၊ ဝန်ထမ်းများအချင်းချင်း အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်များနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် အားကစားပြိုင်ပွဲများဖြစ်သည့် ဘော်လီဘောပြိုင်ပွဲ (အမျိုးသား)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ (အမျိုးသား)၊ ထုပ်ဆီးတိုးပြိုင်ပွဲ (အမျိုးသမီး)၊ ကြက်တောင်ရိုက်ပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ (အမျိုးသား) အားကစားပြိုင်ပွဲများကို ဇွန် ၁၅ ရက်မှ ယနေ့အထိ ကျင်းပခဲ့သည်။

ယနေ့ကျင်းပသည့် ဘော်လီဘောပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲတွင် သတင်းနှင့်လုံခြုံရေးဌာန (က) အသင်းနှင့် စီမံခန့်ခွဲမှုနှင့်လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သတင်းနှင့်လုံခြုံရေး(က)အသင်းကလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲတွင် ငွေကြေးစီမံခန့်ခွဲမှုဌာန(က)အသင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဌာန (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ငွေကြေးစီမံခန့်ခွဲမှုဌာန (ခ)အသင်းကလည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများတွင် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် သတင်းနှင့်လုံခြုံရေးဌာန (က) အသင်းကပထမ၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန(က)အသင်းက ဒုတိယနှင့်ငွေကြေးစီမံခန့်ခွဲမှု ဌာနကတတိယဆုများကို လည်းကောင်း၊ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲတွင်ငွေကြေးစီမံခန့်ခွဲမှုဌာန (က)အသင်းကပထမ၊ ငွေကြေးစီမံခန့်ခွဲမှုဌာန (ခ)အသင်းက ဒုတိယနှင့် ဥက္ကဋ္ဌရုံးက တတိယဆုများကို လည်းကောင်း၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲတွင် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနက ပထမ၊ ငွေကြေးစီမံခန့်ခွဲမှုဌာနက ဒုတိယနှင့် စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနက တတိယဆု များကိုလည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနကပထမ၊ သတင်းနှင့်လုံခြုံရေးဌာနက ဒုတိယနှင့် တတိယဆုများကိုလည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် စာရင်းဌာနက ပထမနှင့် ဒုတိယ၊ စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနက တတိယဆုများကို လည်းကောင်း၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲအမျိုးသားပွဲစဉ်တွင် ဘဏ်တွင်းစာရင်းစစ်ဌာနက ပထမ၊ သတင်းနှင့် လုံခြုံရေးဌာနက ဒုတိယနှင့် တတိယဆုများကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဆုရအားကစားအသင်းများနှင့် အားကစားသမားများကို ဇူလိုင် ၁ ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲတွင် ထိုက်တန်စွာဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်