နေပြည်တော် ဇွန် ၂၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာ အနီးရှိ အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဆတ်သွားတော -ညောင်နှစ်ပင်လမ်း အမာခံလမ်းပခုံး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ် လမ်းတစ်လျှောက် မော်တော်ယာဉ်ဖြင့် လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ် ပြည်သူ့ဆေးရုံကြီး ကိုးထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးသတိပြုရန်၊ သတ်မှတ်ချိန် လုပ်ငန်းများအချိန်မီပြီးစီးရန်၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရန်၊ ဌာနမှအငြိမ်းစား ယူထားသည့် အဆောက်အဦပိုင်းဆိုင်ရာ ဝါရင့်ပညာရှင်များ၏ အကဲဖြတ်မှုနှင့် အကြံပြုချက်များ ရယူဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် Green Land City ဝန်ထမ်းအိမ်ရာ စီမံကိန်းသို့ ရောက်ရှိပြီး တန်ဖိုးသင့်အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၊ သာမန်ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ရောင်းချရန်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ရေရှည် ရင်းနှီးမြှုပ်နှံနိုင်မည့် နည်းလမ်းကောင်းများ ရှာဖွေဆောင်ရွက်ရန်နှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် ဆောင်ရွက်ရန် မှာကြားပြီး စီမံကိန်း လုပ်ငန်းခွင်နေရာများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ပုသိမ်ဧည့်ရိပ်သာ၌ ဒုတိယဝန်ကြီးအား ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ နာဂစ်လမ်း ၁၁ လမ်းနှင့် ပတ်သက်၍ ပြင်ဆင်ထိန်းသိမ်းမှုကို ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးက လိုအပ်သည်များ ဖြည့်စွက် တင်ပြရာ ဒုတိယဝန်ကြီးက နာဂစ်လမ်း ၁၁ လမ်းနှင့် ပတ်သက်၍ ယာဉ်သွားလာမှု၊ ဒေသခံပြည်သူများ အသုံးပြုမှု၊ လမ်းပြုပြင်ရန် လိုအပ်မှုကို စစ်တမ်းကောက်ယူ၍ ပြုပြင်ရန် လိုအပ်သည့်လမ်းများ အမြန်ဆုံး ပြုပြင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်