နေပြည်တော် ဇွန် ၂၁
အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ အောက်ရှိ “စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍလုပ်ငန်းကော်မတီ”၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း၏ မဏ္ဏိုင်ကြီး(၃)ခုအနက် အာဆီယံစီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံ (၂၀၂၅)တွင် ပါရှိသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ ၂၂ ခုကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွဲ့စည်းထားရှိရာ “စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ လုပ်ငန်းကော်မတီ”ကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကော်မတီအနေဖြင့် “အာဆီယံလူမှုအသိုက်အဝန်း အေးချမ်းသာယာဝပြောရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေးတို့ကို အထောက်အကူဖြစ်စေမည့် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံကာ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အားလုံးပါဝင်သော တုံ့ပြန်ခံနိုင်စွမ်း ကောင်းမွန်၍ ရေရှည်တည်တံ့သော စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍတို့ကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး” မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံစားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် မျှော်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ကော်မတီ၌ လုပ်ငန်းတာဝန် ၁၃ ခု ရှိပြီး ယင်းလုပ်ငန်းတာဝန်များ၏ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု တိုးတက်မှုအခြေအနေများကို ပြုစုပြီး ဆက်လက်တင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးများ(SOM-AMAF)နှင့် ဝန်ကြီးများ အစည်းအဝေး (AMAF)များကို နှစ်စဉ် ကျင်းပလျက်ရှိပြီး အဆိုပါအစည်းအဝေးများတွင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များက တင်ပြလာသော နှစ်စဉ်ဆောင်ရွက်မည့် ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းများကို အတည်ပြုပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ မိမိတို့နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍအတွက် အတည်ပြုပြီးသော ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်း ၁၁ ခုရှိပြီး ၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်ဆဲကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်း ၁၉ ခုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပမည့် (၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်