Skip to main content

အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်

ရန်ကုန် ဇွန် ၁၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Sima ပရိဘောဂထုတ်လုပ်ရေး စက်ရုံရှိ ရုံးသုံး၊ ကျောင်းသုံး၊ အိမ်သုံးပရိဘောဂများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပရိဘောက ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဈေးကွက်အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပရိဘောဂ ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများ ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ Diamond Mercury Wood Products ၏ သစ်အချောထည်စက်ရုံသို့ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းပြသပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး စိုက်ခင်းများမှ ထွက်ရှိလာသော ကျွန်းပင်ကျပ်တိုင်များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ တန်ဖိုးမြှင့်သစ် အချောထည်တံခါးနှင့် ကျည်းဘောင်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဟာဗျူဟာမြောက် ဓာတ်သတ္တုတွင်းထွက်များ၊ အဆင့်မြင့် နည်းပညာသုံး ဓာတ်သတ္တုတွင်းထွက်များနှင့်ပတ်သက်၍ အလားအလာရှိသော သတ္တုဖြစ်ထွန်းမှုများကို ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေး၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် စမ်းသပ်တိုင်းတာရေးပစ္စည်းများ ပိုမိုအဆင့်မြှင့်တင် ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်သတ္တု ဓာတ်ခွဲခန်းများတွင် ကွင်းဆင်းဒေသများမှ‌ ပေးပို့လာသော ဓာတ်သတ္တုနမူနာများ ဓာတ်ခွဲစမ်းသပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ ကျောက်မျက်ရတနာ ပြတိုက်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြတိုက်ဆိုင်ရာ အချက်အလက်များနှင့် ပြတိုက်ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြတိုက်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်