နေပြည်တော် ဇွန် ၆
မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရိုးကြီးကျေးရွာနေ ဇော်သက်ထွေး (ခ)ချစ်ထွေး (ခ)နိုင်လင်းသည် “မင်းဒဿ” အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ မ --- (၁၈ နှစ်) ကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ဟောပေါ့ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် ၃၅၀၀၀၀ ရရှိမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသို့ပို့ဆောင်ပြီး တရုတ်အမျိုးသား ဖန်ကွေ့ဆိုသူထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ် များရယူခဲ့သဖြင့် ရွှေပြည်သာ မြို့မရဲစခန်း (ပ) ၁၉၁၈ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဇော်သက်ထွေး (ခ)ချစ်ထွေး (ခ)နိုင်လင်းကို ဇွန် ၃ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်