နေပြည်တော် ဇွန် ၆
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ၏ ဒုတိယအကြိမ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်ပြီး တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများတွင် လေ့ကျင့်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ သင်တန်းသူ၊ သင်တန်းသားများ၏ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခြင်း စုပေါင်းပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ကျန်းမာကြံ့ခိုင် သည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ရန်အတွက် ကျန်းမာရေး လေ့ကျင့်ခန်းများကို သင်တန်းတွင်သာမက အမြဲတမ်းလေ့ကျင့် သွားကြရန် မှာကြားသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) [Civil Service Academy-CSA (Upper Myanmar)] ၏ အမည်ပြောင်းလဲခြင်း အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နံနက်ပိုင်းတွင် တက္ကသိုလ်အဝင်မုခ်ဦးတွင် ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်၍ သစ်ပင်စိုက်ပျိုးပေးသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား သင်တန်းသူများက ပျိုးပင်စုစုပေါင်း ၈၇၇ ပင်ကို တက္ကသိုလ်အဝင်လမ်း တစ်လျှောက်တွင် ပန်းအလှပင်များနှင့် အရိပ်ရစိန်ပန်းနီနှင့် စိန်ပန်းပြာပင်များကိုလည်းကောင်း၊ ရဲဝန်ထမ်းအိမ်ရာ လမ်းဘေး ဝဲယာတစ်လျှောက် စိန်ပန်းပြာပင်များကိုလည်းကောင်း၊ စိုက်ကွက် အမှတ်(၂)တွင် နှစ်ရှည် သီးနှံဖြစ်သော စိန်တစ်လုံး သရက်ပင်များနှင့် သင်တန်း အိပ်ဆောင်များတွင် ပိန္နဲပင်များနှင့် သြဇာပင်များကို လည်းကောင်း သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိူးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ် စစ်ရေးပြကွင်းတွင် တက္ကသိုလ်/ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၂)မှ သင်တန်းသား သင်တန်းသူများ၏ သင်တန်းဆင်း အကြိုစစ်ရေးပြ အခမ်းအနားကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် အရာထမ်းလောင်း အခြေခံ သင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ သင်တန်းအမှတ်စဉ်(၉)နှင့် အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေး သင်တန်း အမှတ်စဉ်(၃)တို့၏ လက်နက်ဖြင့် စစ်ရေးပြလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းများတွင် ကာကွယ်ရေး ပညာဘာသာရပ်ကို ထည့်သွင်းပို့ချပေးသည့်အတွက် စုပေါင်း ဆောင်ရွက်တတ်ခြင်း၊ အပြန်အလှန် လေးစားလိုက်နာမှုရှိခြင်း၊ အမိန့်နာခံတတ်ခြင်းနှင့် စည်းကမ်းကောင်းမွန်ခြင်းစသည့် အလေ့အကျင့်ကောင်း၊ နည်းစနစ်ကောင်းများ ရရှိလာစေရေး ဦးတည်ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်ပြီး နီလာခန်းမ၌ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူးသင်တန်းအမှတ်စဉ် (၉)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား သင်တန်း သူများ ၏ သင်ခန်းစာပို့ချနေမှုကို လိုက်လံစစ်ဆေးသည်။
ထို့နောက် တက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းများကို စွမ်းရည်ထက်မြက်ရေး လေ့ကျင့် ပေးခြင်းမှာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များကို ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ ပြန်လည် ဖွင့်လှစ်ရာတွင် ကိုဗစ်စည်းကမ်းအတွင်းမှ အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သည့်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြသည့် တက္ကသိုလ် ဝန်ထမ်းများအား ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများကို စွမ်းရည်ထက်မြက်အောင် လေ့ကျင့်ပေးနေသည့် တာဝန်ယူရသည့် အားလျော်စွာ အားလုံးစံပြဖြစ်အောင် နေထိုင်ကျင့်ကြံကြရန်လိုကြောင်း ဂုဏ်သိက္ခာ မြင့်မားသည့် တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန် အားလုံးအစွမ်း ကုန်ကြိုးစားကြရန် တိုက်တွန်း မှာကြားသည်။
သတင်းစဉ်