ရန်ကုန် ဇွန် ၆
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ထိခိုက်မှုများ၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းဖြင့် အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းပြီး ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။
ဥပဒေများနှင့်အညီ လိုက်နာ
တွေ့ဆုံ ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က တက်ရောက်လာသည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ တာဝန်ခံများအနေဖြင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုများ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်မှုအတွက် အလုပ်သမားများကို အသိပညာပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် သင်တန်းများ တက်ရောက်နိုင်ရေးနှင့် အထောက်အပံ့ပစ္စည်းများ ရရှိစေရေး၊ အလုပ်ရှင်နှင့် အလုပ်သမား အကြား ညှိနှိုင်းဆောင်ရွက်၍ တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း။
လုပ်ငန်းခွင်အတွင်း ဆူညံသံ၊ အလင်းရောင်၊ အပူ၊ အအေး၊ အမှုန်၊ အမွှား၊ အခိုးအငွေ့များနှင့် ဘေးအန္တရာယ်ရှိသည့်ပစ္စည်းများကြောင့် လုပ်ငန်းခွင်ပတ်ဝန်းကျင် ကို ထိခိုက်မှုမရှိစေရေး အလုပ်သမားများအား သင့်တော်သော တစ်ကိုယ်ရေသုံး ကိုယ်ခန္ဓာ ကာကွယ်ရေး ဝတ်စုံများ၊ ပစ္စည်းများနှင့် အထောက်အကူပစ္စည်းများ ဝတ်ဆင်လုပ်ကိုင်နိုင်ရေး ကြီးကြပ် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ စက်ရုံ၊ အလုပ်ရုံအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များ ဘေးအန္တရာယ် သတိပေးအချက်ပြများ၊ နို့တစ်စာများ၊ ပိုစတာများနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ ထားရှိရန် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း။
စနစ်တကျစစ်ဆေးခံ
အရေးပေါ်အခြေအနေ ဖြစ်ပွား လာပါကဆောင်ရွက်မည့် အစီအမံများကို လိုအပ်သလို သရုပ်ပြလေ့ကျင့်၍ စစ်ဆေးရေး အရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိများ က အလုပ်ခွင်သို့ ဝင်ရောက်စစ်ဆေးချိန် စနစ်တကျစစ်ဆေးခံပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် စတုတ္ထအကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ပေးအပ်ပွဲတွင် ထူးခြားစွမ်းဆောင်ဆုနှင့် ကောင်းမွန်သည့် အလေ့အထကျင့်စဉ် စွမ်းဆောင်ဆုကိုရရှိသည့် စက်ရုံ၊ အလုပ်ရုံမှ လုပ်ငန်းရှင်များကို ပေးအပ်ချီးမြှင့် ရန်ရှိကြောင်း မှာကြားသည်။
ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းခွင် အန္တရာယ်ဖြစ်စေနိုင်သည့် ပြုမူလုပ်ကိုင်ဆောင်ရွက် နေမှုများ၊ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များကြောင့် ဖြစ်ပေါ်လာသည့် လုပ်ငန်းခွင်ထိခိုက်မှုများကို ရှင်းလင်းတင်ပြ၍ ယခင် နှစ်များက အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်ခံရသည့် စက်ရုံ၊ အလုပ်ရုံများက ပြိုင်ပွဲအတွေ့အကြုံများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းမှုကို ရှင်းလင်းဖြေကြား၍ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်