နေပြည်တော် ဇွန် ၆
ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သော (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာနဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ဇနီး၊ အမြဲတမ်း အတွင်းဝန်နှင့်ဇနီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ အရာရှိကြီးများ၊ ဆုရ အားကစားသမားများနှင့် ပြိုင်ပွဲဝင်အားကစားသမား များ၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်လူကြီးများ တက်ရောက်ကြသည်။
ဂုဏ်ပြုဆုများချီးမြှင့်
အဆိုပါ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမား ၃၆ ဦး၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်လူကြီးများအပါအဝင် စုစုပေါင်း ၄၈ ဦးက အားကစားနည်း ၁၂ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊ ပြေးခုန်ပစ်၊ ဂျူဒိုနှင့် တိုက်ကွမ်ဒို အားကစားနည်းငါးမျိုးတွင် အားကစားသမား ကိုးဦးက ရွှေတံဆိပ်လေးဆု၊ ငွေတံဆိပ်သုံးဆု၊ ကြေးတံဆိပ်ငါးဆု စုစုပေါင်း ဆုတံဆိပ် ၁၂ ဆုရရှိခဲ့ကြပြီး ပိုက်ကျော်ခြင်း (နှစ်ယောက်တွဲ)တွင် ရွှေတံဆိပ်ဆုရရှိသည့် ဒုတိယ ရဲမှူး ဖြူဖြူသန်းနှင့် ရဲတပ်ကြပ်ကြီး ခင်နှင်းဝေ၊ ဗိုဗီနမ် (နှစ်ယောက်တွဲ)တွင် ရွှေတံဆိပ်ဆု ရရှိသည့် ရဲတပ်ကြပ် မေဟန်နီအောင်လွင်၊ ဗိုဗီနမ် (လေးယောက်တွဲအပြ)တွင် ရွှေတံဆိပ်ဆုရရှိသည့် ရဲတပ်ကြပ် အိုက်စိုးလင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကလည်းကောင်း၊ ဗိုဗီနမ် (တစ်ကိုယ်တော် ဓားတစ်လက် အပြ) တွင် ငွေတံဆိပ်ဆုရရှိသည့် ရဲတပ်ကြပ် မေဟန်နီအောင်လွင်၊ ပြေးခုန်ပစ် (၂၀ - ကီလို မီတာ လမ်းလျှောက်) တွင် ငွေတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် ဇင်မေထက်၊ ဂျူဒို(၆၃-ကီလိုတန်း)တွင် ငွေတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် နွယ်နီပွင့်လှိုင်တို့ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကလည်းကောင်း၊ တိုက်ကွမ်ဒို (၆၃-ကီလိုတန်း) တွင် ကြေးတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် ဇော်လင်းထက်၊ တိုက်ကွမ်ဒို(၈၇-ကီလို တန်း)တွင် ကြေးတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် ကျော်မင်းနိုင်၊ ပိုက်ကျော်ခြင်း (လေးယောက်တွဲ)တွင် ကြေးတံဆိပ်ဆုရရှိသည့် ဒုတိယရဲမှူးဖြူဖြူသန်း၊ ရဲတပ်ကြပ်ကြီး ခင်နှင်းဝေနှင့် ရဲတပ်ကြပ်ကြီး နန်းစုမြတ်စံ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်များကို အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။
နိုင်ငံ့ဂုဏ်ဆောင်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် အဖွဲ့ဝင်များသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်၊ ပြည်ထဲရေးဝန်ကြီး ဌာနဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်