Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၄၈) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား တက်ရောက်

နေပြည်တော် ဇွန် ၆

၂၀၂၂ ခုနှစ် (၄၈) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညား အောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်နှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်း၊ ဦးသန်းအောင်ကျော်၊ ဦးစန်းလွင်၊ ဦးအေးထွန်း၊ ဒေါက်တာဇော်မြင့်၊ ဦးမျိုးလှိုင်၊ ဦးဇော်အေးမောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လက်ဝှေ့အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် အားကစား ဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယှဉ်ပြိုင်အနိုင်ရရှိ

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များ အဖြစ် အမျိုးသား (၅၂) ကီလိုတန်း ပြိုင်ပွဲတွင် လမင်းကိုကို (ရန်ကုန် တိုင်း) က အေးကိုဇင် (ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသား (၆၄) ကီလိုတန်း ပြိုင်ပွဲတွင် အောင်စိုးမိုး (မန္တလေးတိုင်း) က ဇွဲဝေလျှံဖြိုး(နေပြည်တော်) ကိုလည်းကောင်း၊ အမျိုးသား (၆၉) ကီလိုတန်းပြိုင်ပွဲတွင် ကျော်စွာထွန်း(မန္တလေးတိုင်း)က သက်ဝေ (ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသား (၇၅) ကီလိုတန်းပြိုင်ပွဲတွင် အောင်သူ (မန္တလေးတိုင်း) က စောဂလယ်ထွန့် (ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသမီး (၄၅) ကီလိုတန်းပြိုင်ပွဲတွင် မြင့်ရတနာစံ (တနင်္သာရီတိုင်း) က ထန်နွမ်းကိမ် (မန္တလေးတိုင်း) ကို လည်းကောင်း၊ အမျိုးသမီး (၄၈) ကီလိုတန်းပြိုင်ပွဲတွင် သင်းသင်းခိုင် (မကွေးတိုင်း) က ပန်းအိဖြူ (စစ်ကိုင်းတိုင်း) ကိုလည်းကောင်း၊ အမျိုးသမီး (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ထက်ထက်ဝင်း (တနင်္သာရီတိုင်း) က ပြည့်ပြည့်ဝင်း(စစ်ကိုင်းတိုင်း) ကိုလည်းကောင်း၊ အမျိုးသမီး (၆၀) ကီလိုတန်းပြိုင်ပွဲတွင် မူစိန်မြ (ရှမ်းပြည်နယ်) က နှင်းသီရိစံ (မွန်ပြည်နယ်) ကို လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ပေးအပ်ချီးမြှင့်

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ အမျိုးသား (၅၂)ကီလိုတန်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်ကလည်းကောင်း၊ အမျိုးသား (၆၄) ကီလိုတန်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်ကလည်းကောင်း၊ အမျိုးသား (၆၉) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ အမျိုးသား (၇၅) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကလည်းကောင်း၊ အမျိုးသမီး (၄၅) ကီလိုတန်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိ ကြသူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လည်းကောင်း၊ အမျိုးသမီး (၄၈) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းကလည်းကောင်း၊ အမျိုးသမီး(၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက လည်းကောင်း၊ အမျိုးသမီး(၆၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်ကလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တံခွန်စိုက်ဒိုင်းဆုများပေးအပ်

ဆက်လက်၍ အမျိုးသားအကောင်းဆုံး အားကစားသမားဆုနှင့် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆု ရရှိသွားသည့် ရှိုင်းငယ် (ရှမ်းပြည်နယ်) နှင့် သင်းသင်းခိုင် (မကွေးတိုင်း) တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က ဆုဖလားနှင့် ငွေသားဆု ငွေကျပ် တစ်သိန်းစီကိုလည်းကောင်း၊ ရွှေတံဆိပ်သုံးခုဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆု ရရှိသွားသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာ ကလည်းကောင်း၊ ရွှေတံဆိပ်ငါးခု၊ ကြေးတံဆိပ်တစ်ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆု ရရှိသွားသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်ကလည်းကောင်း၊ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ဖြင့် စုပေါင်းတံခွန်စိုက် ဒိုင်းဆုရရှိသွားသည့် မန္တလေးတိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကလည်းကောင်း တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်