Skip to main content

စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များအပါအဝင် သင်ထောက်ကူပစ္စည်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်ဖျက်ဆီး

နေပြည်တော် ဇွန်  ၆

မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချ နိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက်နေမှုများအပေါ် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံအသုံးပြု၍ ဟန့်တားနှောင့်ယှက် ဖျက်ဆီးလျက် ရှိသည်။

ယင်းသို့ ဟန့်တားနှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ဇွန် ၅ ရက် ည ၁၁ နာရီခွဲခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ခိုးဝင်ရောက်ကာ စာသင်ခန်းများအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကိုဖျက်ဆီးခဲ့ပြီး ဆရာ၊ ဆရာမများအား ယုတ်မာရိုင်းစိုင်းစွာ ဆဲဆိုထားသည့် စာသားများ ရေးသားနှောင့်ယှက်ခဲ့သည်။

အဆိုပါ အခြေခံပညာမူလတန်းလွန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းနှင့် ၎င်းကလေးငယ်များ၏ ပညာသင်ကြားနိုင်မှု အခွင့်အလမ်းအပေါ် ယခုကဲ့သို့ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးခဲ့သော PDF အမည်ခံ အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။