ရန်ကုန် ဇွန် ၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၈၇) နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၉၉)တို့၏ သင်တန်းဆင်း စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေး ပြကွင်း(၁)၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်သင်ကြားရေး/စီမံဌာနများမှ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က ပထမဦးစွာ ဤတက္ကသိုလ် အဆင့်ဆင့် ပြောင်းလဲလာပုံအကျဉ်းကို ပြောကြားလိုကြောင်း၊ ၁၉၆၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် “ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း” အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၇ခုနှစ် မေ ၅ ရက်တွင် “ဗဟိုဝန်ထမ်းတက္ကသိုလ်” အဖြစ်အဆင့်မြှင့်တင်ခဲ့ပြီး “ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)”ဟု အမည် ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း၊ ထို့နောက် ၂၀၁၆ ခုနှစ် မေ ၁၇ ရက်တွင် “ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)”ဟု အမည်ပြောင်းလဲကာ ယနေ့အထိ ခေါ်ဝေါ်သတ်မှတ်သုံးစွဲခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် “ပြည်သူ့ဝန်ထမ်း အကယ်ဒမီ”ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်မှစ၍“နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာ ပြည်)” ဟု အမည်ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သင်တန်းသား သင်တန်းသူအားလုံးကို အသိပေး ရှင်းလင်းပြောကြားလိုကြောင်း။
နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများအားလုံးသည် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားအဖြစ် ပြုပြင် ပြောင်းလဲရာတွင်မိမိတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ကာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ပြည်သူတို့၏ ယုံကြည်ကိုးစား မှုရရှိလာအောင် ဆက်လက်ဆောင်ရွက်သွားကြရန် လိုကြောင်း။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တတည်းဟူသော စွမ်းရည်သုံးရပ် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်သည့်အတွက် သင်တန်းကာလအတွင်း လေ့လာဆည်းပူးရရှိခဲ့သည့် အတွေးအမြင်၊ ဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကျိုးရှိရှိ ပါဝင်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းများကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ အွန်လိုင်းဖြင့်လည်းကောင်း၊ မေ ၉ ရက်မှ ဇွန်၃ ရက်အထိ In-house ဖြင့် လည်းကောင်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၅၈ ဦး၊ သင်တန်းသူ ၃၀၅ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်၊၊
သတင်းစဉ်