ရန်ကုန် ဇွန် ၂
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ကြီးကြပ်မှုဖြင့် တက္ကသိုလ်တွင်းစိမ်းလန်းစိုပြည်ရေးအတွက် ယနေ့ညနေ ၃ နာရီက ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) [Civil Service Academy (Lower Myanmar)] မုခ်ဦးရှေ့နှင့် ကျွန်းရွှေဝါလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာများ၊ ရတနာသိင်္ဃခန်းမဝန်းကျင်တို့၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်ဦးစိုးတင့်တက်ရောက်၍ ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။
အခမ်းအနားတွင် တာဝန်ခံအဖွဲ့ဝင်ဦးစိုးတင့်က အမှာစကားပြောကြားပြီး စိုက်ပျိုးရမည့် စိန်ပန်း၊ နွယ်သာကီ၊ စက္ကူပန်း၊ ကျောက်ခက်နှင့် အာဆီယံသပြေစသည့် ပန်းအလှပင်များ၊ ပျဉ်းကတိုး၊ ပိတောက်၊ စိန်ပန်း စသည့် နှစ်ရှည်ပင်များနှင့် အရိပ်ရလေကာပင်များကို စီမံ/ဘဏ္ဍာဌာနကြီး၊ သင်ကြားရေးဌာနကြီးနှင့် သင်တန်းသား/သူ ကိုယ်စားလှယ်များကို ပျိုးပင်များပေးအပ်ကာ တာဝန်ခံအဖွဲ့ဝင်ဦးစိုးတင့်က အမှတ်တရအာဆီယံသပြေပင်အား စိုက်ပျိုးပေးသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူးများ၊ သင်ကြားရေး/စီမံဌာနများမှ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်းအင်အား ၂၅၀ တက်ရောက်ခဲ့ပြီး သစ်ပင်ပျိုးပင် စုစုပေါင်း ၁၁၅၀ ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
သတင်းစဉ်