နေပြည်တော် မေ ၂၁
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌဦးမောင်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဝင်းသော်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ရာနှုန်းပြည့်အစုရှယ်ယာရှင်ဖြစ်သော နေပြည်တော်စည်ပင်သာယာရေးကော်မတီမှဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ Win Thin & Associates Certified Public Accountants အဖွဲ့၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အဆိုပါဘဏ်မှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမောင်မောင်နိုင်က တိုင်းပြည်တစ်ခု၏ အဓိကမောင်းနှင်အားမှာစီးပွားရေးဖြစ်ပြီး စီးပွားရေး၏အဓိကမောင်းနှင်အားတွင် ဘဏ်များသည်တစ်ခုအပါအဝင်ဖြစ်သည့်အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြား ချက်များအတိုင်း စဉ်ဆက်မပြတ် စနစ်တကျဖြင့် ထိထိရောက်ရောက်လည်ပတ်ဆောင်ရွက်ရန်နှင့် ယနေ့ခေတ်နည်းပညာကဏ္ဍများ တိုးတက်ပြောင်းလဲလာသည်နှင့်အညီ Digital Banking စနစ်သို့ ကူးပြောင်းနိုင်ရေးကိုလည်းအစဉ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။
လုပ်ငန်းဆောင်ရွက်မှုတင်ပြ
ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌဦးမောင်မောင်က ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် အတွက်ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ်ဦးအောင်ကျော်ငြိမ်းက၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်၏ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းတင်ပြသည်။
ရှေ့လုပ်ငန်းစဉ်များအတည်ပြု
ထို့နောက် ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းကို အတည်ပြုကြေညာခဲ့ပြီး (Win Thin & Associates Certified Public Accountants) မှ Managing Partner ဦးမိုးကျော်က ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်၏ စာရင်းစစ်အစီရင်ခံစာကိုဖတ်ကြားခြင်း၊ ဒုတိယအမှုဆောင်အရာရှိချုပ်ဦးစိုးထွန်းက နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ရှေ့လုပ်ငန်းစဉ်များကို တင်ပြအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယကဒေါက်တာ မောင်မောင်နိုင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်