Skip to main content

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက်တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်းပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကိုရှေးရှု၍ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ၁-၁၁-၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်/ ကောလိပ်များကို ၁၂-၅-၂၀၂၂ ရက်နေ့တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများကို ၂-၆-၂၀၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

အနာဂတ်၏ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကိုဆောင်ရွက်ရာတွင် အခြေခံပညာရေးသည် များစွာအဓိကကျပါသည်။ အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များပညာရည်နို့ကို အပြည့်အဝသောက်စို့နိုင်ရန်နှင့် အရည်အသွေးပြည့်ဝပြီး ဆရာ၊ တပည့်အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေရန်အတွက် အတွေ့အကြုံရှိ ဆရာ/ဆရာမများ လိုအပ်ပါသည်။ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင်ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့်တာဝန်မှကင်းကွာခဲ့ကြသော ပညာရေးဝန်ထမ်းဆရာ/ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့်အရေးယူခံထားရသည့် ဆရာ/ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ် လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကို ရှေးရှု၍သင်ကြားရေး တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေသတ်မှတ်ပုံစံများ ဖြည့်စွက်ရန်နှင့် အယူခံလွှာတင်သွင်းရန်တို့အတွက် ၃၁-၅-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန်ဖြစ်ပါသည်။

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအနက် တာဝန်ထမ်းဆောင်ရန် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေသောဝန်ထမ်းများ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲဝန်ထမ်းများနှင့် အယူခံတင်သွင်းသည့်ဝန်ထမ်းများအား တာဝန်ပျက်ကွက်ခဲ့သည့်ကာလများကိုလစာမဲ့ခွင့်အဖြစ်သတ်မှတ်၍ ကြီးလေးသောရာဇဝတ်မှုကျူးလွန်ထားသူများမှအပ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့