ရန်ကုန် မေ ၁၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီးဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၌ သင်္ဘောကပ်ရန် တည်ဆောက်မည့် ဆိပ်ခံဗောတံတား သယ်ယူခြင်း၊ လွန်းတင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးပွားရေယာဉ်ဖြင့် ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် ဆိပ်ခံဗောကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ဝန်ထမ်းများနှင့်တွေ့ဆုံ
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
မလွဲမသွေဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ ပဲခူးမြစ်မှတစ်ဆင့် အပန်းဖြေရေယာဉ် သင်္ဘောတို့ဖြင့် လာရောက်လည်ပတ်နိုင်ရေး ဆိပ်ခံဗော တံတားတည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားကျေးရွာကို သာယာလှပရေးနှင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် မလွဲမသွေ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရငွေလျာထားမှု ပြည့်မီရေး၊ လုပ်ငန်းတိုးတက်မှု အခြေအနေများကို သုံးလတစ်ကြိမ် တင်ပြဆောင်ရွက်သွားကြရန်နှင့် တာဝန်ရှိသူများမှလည်း အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျေးရွာအတွင်းရှိ တိုင်းရင်းသား ရိုးရာနေအိမ်များတွင် ရေရရှိရေးအတွက် အဝီစိရေတွင်းများ တူးဖော်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အရည်အချင်းကို အမြဲတိုးတက်မြင့်မားအောင် လေ့လာသင်ယူကြရမည် ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနေထိုင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
စည်းကမ်းနှင့်အညီသုံးစွဲ
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သည် လျာထားရငွေထက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဘတ်ဂျက်သုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ သုံးစွဲရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား စီမံချက်များရေးဆွဲ၍တွက်ချက်မှု (Estimate) များနှင့်အတူတင်ပြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်မည့်လုပ်ငန်းများသည် နိုင်ငံတော်အတွက်အကျိုးရှိစေရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်း အဝီစိရေတွင်း တူးဖော်မည့်နေရာများနှင့် ဆိပ်ခံဗောတံတားတည်ဆောက်မည့် နေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်