ရန်ကုန် မေ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (သန်လျင်)နှင့် ကျောက်တန်းမြို့နယ်ရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် အဆိုပါရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ဝန်ကြီးဌာနကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရည်မှန်းချက်လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်သူအသိပညာပေးခြင်းနှင့်လူငယ်များကို ဗလငါးတန်ပြည့်ဝရေး အသိပညာပေးခြင်းလုပ်ငန်းများ၊ သတင်းမှန်များအချိန်မီပေးပို့ထုတ်ပြန်နိုင်ရေးစသည်ဖြင့် ဆွေးနွေးမှာကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်ရုံးတို့မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများက ဌာန၏လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုတင်ပြကြရာ ဒုတိယဝန်ကြီးကလုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဒုတိယဝန်ကြီးသည် တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(သန်လျင်)နှင့် ကျောက်တန်းမြို့နယ်ရုံးတို့၏ စာကြည့်တိုက်၊ ပြတိုက်ငယ်၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသထားမှု၊ ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်