နေပြည်တော် မေ ၁၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး (၄၁)ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုပဋ္ဌာန်းသိမ်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက စေတီတော်မြတ်ကြီး ပရိဝုဏ်မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အဘိသန္နဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် မစိုးရိမ်စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးနှင့် ဌာနမှူးများ၊ အလှူရှင်ဧည့် ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကာ မစိုးရိမ်စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မမထေရ် မြတ်ထံမှဒုတိယ မြို့တော်ဝန်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ ဒုတိယမြို့တော်ဝန်အမှူးပြုသော ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်